CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သည့် နယ်မြေတစ်ခုသတ်မှတ်ပေးရန် ဆွေးနွေးတောင်းဆိုမှုကို မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ကြောင်း နစက,က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ Hotel Westin တွင် တရုတ်ကွန်မြူနစ်ပါတီ(CCP)မှ ကိုယ်စားလှယ်များနှင့် ဂျာမားအိစ်အစ္စလာမစ်(Jamaat-e-Islami)ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် Dr.Syed Abdulla h Muhammad Taher ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဥ် ဘင်္ဂါလီများအတွက် သီးခြားလွတ်လပ် သည့် နယ်မြေ သတ်မှတ်နိုင်ရေး တရုတ်က ထောက်ခံတိုက်တွန်းပေးရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နစက,က “Jamaat-e-Islami ပါတီသည် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့မှုများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုံ့ချကန့်ကွက်ပါကြောင်း ပြောကြားလိုပါသည်”ဟု ပြောသည်။

တရုတ်  CCP ပါတီမှ ကိုယ်စားလှယ်များနဲ့ Jamaat-e-Islami ပါတီမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်

မြန်မာနိုင်ငံသည် ဘင်္ဂါလီများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်ထောက်ပံ့ရေး အစီအစဉ်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီးတို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း နစက,က CNI သတင်းဌာန သို့ ပြောသည်။

နစက,က “မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင် စိစစ်ပြီး ပြန်လည် လက်ခံမည်ဆို သည့် အခြေခံ မူဝါဒရှိပြီး ဖြစ်သကဲ့သို့ ဒုက္ခသည်များ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီးဖြစ်သည်ကို နိုင်ငံတကာသံတမန် များသို့လည်း ရှင်းလင်းပြသပြီးဖြစ်သည်”ဟု ပြောသည်။

လတ်တလောတွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဘင်္ဂါလီဒုက္ခသည် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း)ကို ပြန် လည် လက်ခံရန် သဘောတူညီထားသည်။ 

ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံထူထောင်ပြီး ဘင်္ဂါလီများအတွက် လွတ်လပ်သည့် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ် နိုင်ရေး တရုတ်က တိုက်တွန်းပေးရန် တောင်းဆိုခဲ့သည့် Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေး အခြေခံ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

အဆိုပါ နိုင်ငံရေးပါတီသည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရလက်ထက်က တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲ ဝင်ခွင့်မရဘဲ ပိတ်ပင်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်များ နေထိုင်တဲ့ ဒေသကို ပြသထားစဉ်

ရှိတ်ဟာစီနာ အစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ဖြုတ်ချခံခဲ့ရပြီးနောက် အမေရိကန်လိုလားသူ မိုဟာမက် ယူနွတ် ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့လက်ထက် တက်လာပြီးနောက် Jamaat-e-Islami ပါတီအား စွဲဆိုထားသော အမှုများကို ရုတ်သိမ်းပေးကာ ပါတီထူထောင်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သည်။

ဘင်္ဂါလီလူမျိုးများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော်၊ ရသေ့တောင်မြို့နယ် များကို စုစည်းပြီး လွတ်မြောက်နယ်မြေအဖြစ် ရရှိအောင် ကြိုးပမ်းလျက်ရှိသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား လည်းကောင်း၊ ဘင်္ဂါလီ လူမျိုးများအရေး လှုပ်ရှားနေသည့် လက်နက်ကိုင်များဖြစ်သော ARSA၊ RSO၊ ARA တို့နှင့် AA ကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။