CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA) သည် နိုင်ငံရေး ဂုဏ်သိက္ခာ တက်လာသည့်အတွက် ရခိုင်နှင့် ဘင်္ဂါလီ အရေးတွင် ၎င်း၏အခန်းကဏ္ဍကို အိမ်နီးချင်းနိုင်ငံများအနေဖြင့် ထည့်မတွက်၍မရကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
ရခိုင်ပြဿနာအရေး ပြောကြမည်ဆိုပါက AA နှင့် မညှိနှိုင်း၍ မရသည့် အနေအထား ဖြစ်လာမည်ဖြစ်ကြောင်း၊ နစကဘက်မှလည်း ၎င်းအခြေအနေကို လိုက်လျောပေးမည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောည်။
၎င်းက “လက်ရှိ အနေအထားအရတော့ မောင်တောမှာ နစက ဗျူဟာ စခန်းတစ်ခုပဲ ကျန်တော့တာ။ ကျန်တဲ့ နေရာတွေက AA ကသိမ်းပြီ။ အဲဒီတော့ ရခိုင်ပြဿနာကလည်း ကချင်ပြဿနာလိုပါပဲ။ ရခိုင်ပြဿနာအကြောင်း ပြောကြမယ်ဆိုရင် AA နဲ့ နောက်ပိုင်း မညှိနှိုင်းရင် မရတဲ့အနေအထားအထိ ကျရောက်လာလိမ့်မယ်လို့ ထင်ပါ တယ်။ စစ်ကောင်စီဘက်ကတော့ လိုက်လျောပေးမှာ မဟုတ်ပါဘူး။ သူလိုက်လျောသည်ဖြစ်စေ၊ သူမလိုက်လျော သည်ဖြစ်စေ စစ်ကောင်စီက ရခိုင်ဒေသရဲ့ ၇၅ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက်က AA ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေပြီလေ။ အဲဒီတော့ ဒါတွေက သူကလည်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရေးကို အားကျိုးမာန် တက် လုပ်နေတဲ့ အနေအထား။ အဲဒီမှာလည်း စစ်တွေ၊ အမ်း၊ ဂွ ၃ နေရာလောက်ပဲ ကျန်တော့တာကို။ အဲဒီတော့ စစ်ကောင်စီ လွှမ်းမိုးနိုင်တဲ့ အာဏာသက်ရောက်နိုင်တဲ့ နေရာတွေဟာ တိုင်းရင်းသား ဒေသတွေမှာ တဖြေးဖြေး လျော့ပါးချုပ်ငြိမ်းတော့မယ့် အနေအထား စိုက်နေတာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
ဘင်္ဂါလီများ နေရပ်ပြန်ရေး ဖြေရှင်းရာတွင် AA ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး လျစ်လျူမရှုရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး မစ္စတာတောင်းဟစ်ဟော့ဒ်ဆန်က ပြောကြား ထားသည်။
AA ကို တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်၍ မရသော်လည်း ဘင်္ဂါလီအရေး ဖြေရှင်းရာတွင် ၎င်းကို လျစ်လျူ ရှုခြင်းသည် လက်တွေ့ မဆန်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် AA နှင့် စကားပြောသင့်သည်ဟု မစ္စတာ တောင်းဟစ်ဟော့ဒ်ဆန်က တိုက်တွန်းထားသည်။
AA သည် တိုက်ခိုက်နိုင်သော စွမ်းရည်များ၊ မြို့အများအပြား သိမ်းပိုက်ထားနိုင်မှုတို့ကို ပြသလာသည့်အတွက် ၎င်းကို မည်သူကမှ လျစ်လျူရှု၍ မရတော့သည့် အနေအထားဖြစ်ကြောင်း မြန်မာ-တရုတ် အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ပြောသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
“AA ပြောတဲ့ အထဲမှာတော့ ရိုဟင်ဂျာပြောပြော၊ ဘင်္ဂါလီပြောပြော ရခိုင်မှာ ကြာရှည်ကြာများနေလာတဲ့ မျိုးစု တစ်စုလိုပဲ သဘောထားတယ်ထင်တယ်။ အဲဒီလူတွေရဲ့ နေထိုင်စားသောက်မှုတွေကိုလည်း တတ်နိုင်သမျှ ကူညီမယ်လို့ ပြောထားတာပဲလေ။ ARSA ဆိုရင်တော့ တစ်မျိုးပေါ့နော်။ စစ်တပ်က ခေါ်သုံးနေတဲ့ လူတွေကြ တစ်မျိုးပေါ့။ ဒါပေမယ့် ရိုးရိုးသာမန်တွေ အပေါ်မှာတော့ AA က ထောက်ထောက်ထားထား ဆက်ဆံပုံရတယ်။ အဲဒါက ဘင်္ဂလားဒေ့ရှ်တင်မဟုတ်ဘူး။ အိန္ဒိယတို့ဘာတို့လည်း ဒီလိုပဲဖြစ်လာတာ။ AA က သူ့ရဲ့ တိုက်စွမ်းရည်ကို ပြလာတာရှိတာကိုး။ သူသိမ်းနိုင်တာပါတယ်။ မြို့တွေသိမ်းလာနိုင်တာပါတယ်။ အဲဒီမြို့တွေကို ပြန်လည် ထူထောင်လာတာပါတယ်။ သူ့နိုင်ငံရေး ဂုဏ်သိက္ခာ တက်လာတာပေါ့။ အဲဒီအခါကြတော့ ဘယ်သူကမှ လျစ်လျူ ရှုလို့မရဘူး။ ဘင်္ဂလားနဲ့တင်မဟုတ်ဘူး အိန္ဒိယကလည်း ဒီလိုပဲ ဆက်ဆံလာရတာ။ အဲဒီတော့ သူ့တိုက်စွမ်းရည်နဲ့ သူ့ရဲ့ အရည်အချင်းနဲ့ နေရာရလာတာပေါ့။ စစ်ဂုဏ်တစ်ခု ဖြစ်လာတာပေါ့။ အဲဒီတော့ ထည့်ပြီး စဉ်းစားရမလို ဖြစ်တာပေါ့။ အဲဒီတော့ ရခိုင်အရေးကို စဉ်းစားရင် ရခိုင်ပြည်နယ်အရေးကို စဉ်းစားရင် AA ကို မထည့်ဘဲ မဖြစ် တော့ဘူး အဲဒီလိုဖြစ်သွားတာပေါ့။ ဒါသူ့နိုင်ငံရေး ဂုဏ်သိက္ခာ နိုင်ငံရေးနေရာ ရလာတာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရတို့ကြား ဘင်္ဂလားဒေ့ရှ်ကို ရောက်လာကြသည့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့နိုင်ရေး သဘောတူညီထားသည်။
လက်ရှိ ၈ နှစ်ကြာသည်အထိ နှစ်နိုင်ငံအနေဖြင့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့နိုင်ရေး သဘောတူညီချက်များကို ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်နိုင်သေးပေ။