CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲကြောင့် ကျောက်တော်နှင့် ပလက်ဝ ပြေးဆွဲနေသည့် ဇတ်ရေယာဉ် များ ရပ်နားသွားသည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လက်ရှိ၌ ဆန်ဝယ်ယူမရသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ ကုန်းလမ်း၊ ရေလမ်းကြောင်းအားလုံးကို ရခိုင်ပြည်နယ် ကောင်စီက ပိတ်ပင်လိုက်ခြင်းကြောင့် ကျောက်တော်နှင့် ပလက်ဝသို့ တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးနေသည့် ဇတ်ရေယာဉ်သည်လည်း ရပ်နားသွားရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အခြေခံစားသောက်ကုန်အပါအဝင် ဆေးဝါးနှင့် တခြားသော ကုန်စည် များကို အဓိက အားထားနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အနေဖြင့် ဇတ်ရေယာဉ်များ ရပ်နားသွား ချိန်မှစတင်၍ ဆန်ဝယ်ယူမရသည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ပလက်ဝဒေသခံ ဦးအောင်ဒင် က CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝနဲ့ ကျောက်တော် ရေလမ်းကြောင်းကို သွားလာရန် ပြင်ဆင်နေကြစဉ်

၎င်းက “ကျောက်တော်နဲ့ ပလက်ဝလည်း ပိတ်တယ်၊ ကျောက်တော်နဲ့ ရန်ကုန်၊ ကျောက်တော်နဲ့ စစ်တွေ ရေကြောင်းရော အကုန်ပိတ်တယ်။ ပလက်ဝက ဆန်ဝယ်လို့ မရတော့ဘူး။ ဆန်က မရှိဘူးလေ၊ ကုန်တင်ကုန်ချ မရှိတော့လေ။ အခုက အဓိကကတော့ ကျောက်တော်ဘက်ကနေ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကတည်းက ကျောက်တော်ကနေ တင်ပြီးမှ စားသောက်နေရလို့ မနေ့ကအထိတောင်မှ ပိုက်ဆံရှိလို့တောင်မှ မြို့ပေါ်မှာ ဆန်က မရှိတော့တာ အင်္ဂါနေ့ကတည်းကနေ” ဟု ပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်း ရခိုင်ပြည်နယ်ကောင်စီက ဇတ်ရေယာဉ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တွင် တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် အင်္ဂါနေ့နှင့် သောကြာနေ့၌ ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ထိုရေလမ်းကြောင်း ပိတ်သွားခြင်းကြောင့် တခြားသော လမ်းကြောင်းများမှတဆင့် ကုန်စည်တင်ဆောင်၍ရသော် လည်း လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် တခြားသော လမ်းကြောင်းများမှလည်း အဆင်မပြေ ဖြစ်နေသည်ဟု သိရသည်။

ထို့အပြင် ပလက်ဝမြို့နယ်တွင် စိုက်ပျိုးထားသည့် တောင်ယာစပါးများသည်လည်း နယ်မြေတည်ငြိမ်မှု မရှိခြင်း ကြောင့် ရိတ်သိမ်းနိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်းကို မြန်ဆန်စွာ ဖွင့်လှစ်နိုင်ရန် မျှော်လင့်ကြောင်း ပလက်ဝဒေသခံ ဦးမောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့ အ၀င်ကိုတွေ့ရစဉ်

၎င်းက “မြို့နယ်တွင်းမှာတော့ မဖူလုံတော့ ပခုက္ကူဘက်ကနေ မင်းတပ်၊ မင်းတပ်ကနေ မတူပီ၊ မတူပီကနေ ပလက်ဝဆိုတဲ့အခါမှာ တော်တော်ခရီးဝေးတယ်။ ဒါပေမယ့် အဲဒီဘက်ကလည်း အခု ပိတ်ထားပြီလေ။ အဲဒီလမ်း ကြောင်း နှစ်ကြောင်းပဲ ရှိတာလေ။ ကျောက်တော်လမ်းနဲ့ စမီး - မတူပီ လမ်းတစ်လမ်းပဲ ရှိတာကိုး။ နာဂလန်း ပြည်ဘက်ကနေ ဆင်းလာတာတော့ တချို့ ရှိတာပေါ့။ အဲဒီဘက်ကတော့ ပိတ်တော့ မပိတ်သေးဘူးထင်တယ်။ ဒါပေမယ့် ဟိုဘက်ကလည်း သိပ်ထွက်တာမှ မဟုတ်တာ။ ကျနော်တို့ ပလက်ဝအနေနဲ့ ဆိုလို့ရှိရင်တော့ လမ်းမြ န်မြန်ဖွင့်ဖို့ပဲ ဘယ်လိုနည်းနဲ့ လိုင်းပေါ်ကနေ အော်ပေးမလား အဲဒါတစ်ချက်ပဲ။ မဟုတ်ရင်တော့ ဒီနေ့နဲ့ မနက်ဖြန် ဆိုသလို အခက်အခဲက ကြုံနေပြီလေ။ အခုက တောင်ယာစပါး ဘာညာလည်း ရိတ်လို့မရတော့” ဟု ပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်း ဖွင့်လှစ်ချိန်တွင် ပလက်ဝ ဒေသခံများအနေဖြင့် ဆန်နှင့် တချို့သော ကုန်စည်များကို ပမာဏ အကန့်အသတ်ဖြင့်သာ သယ်ယူကြရကြောင်း၊ သယ်ယူရာတွင်လည်း သက်ဆိုင်ရာ ဌာန များ၏ ထောက်ခံချက်ပါရှိမှသာ အဆင်ပြေသည်ဟု သိရသည်။