CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆

ရန်ကုန်သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ Terminal များသို့ ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများ အဆက်အပြတ် ရောက်ရှိနေခြင်းကြောင့် နိုင်ငံတစ်ဝှမ်း စက်သုံးဆီများ အပြတ်အောင် ဖြန့်ဖြူးလျက်ရှိသည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal၊ Max Terminal၊ MMTM Terminal၊ Brighter Energy Terminal၊ PSW Terminal၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal တို့မှ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရောင်းဆိုင် ၁၈၇ ဆိုင်သို့ ဆီသယ်ယာဉ် ၃၆၇ စီးဖြင့် 92 Ron(၄ သိန်းကျော်)၊ 95 Ron (၂ သိန်း ၄ သောင်း ကျော်)၊ ဒီဇယ်ဆီ(၃ သိန်း ၂ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၃ သိန်း ၅ သောင်းကျော်)တို့အား ဖြန့်ဖြူးပေးခဲ့ သည်။

ထို့နောက် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီ အရောင်းဆိုင် ၂၁၇၈ ဆိုင်သို့ ဆီသယ်ာယဉ် ၉၂၈ စီးဖြင့် 92 Ron (၁ သန်း ၂ သိန်းကျော်)၊ 95 Ron (၂ သိန်း ၅ သောင်းကျော်)၊ ဒီဇယ်ဆီ(၇ သိန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၁၀ သိန်းကျော်) အား သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိသည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

စက်သုံးဆီများကို ရောင်းချမပေးဘဲ ပြတ်လပ်ပြီးဟု ပြောဆိုသည့် ဆိုင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း နစက-က ထုတ်ပြန်ထားသည်။