CNI International News

ဂျကာတာ၊ နိုဝင်ဘာ ၁၇ 

အင်ဒိုနီးရှားနိုင်ငံတွင် စွမ်းအင်ကဏ္ဍကို နိုင်ငံပိုင်ကုမ္ပဏီက တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားမှုကို အဆုံး သတ်ရန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများက စဉ်းစားသုံးသပ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အရှေ့တောင်အာရှ၏ စီးပွားရေး အင်အားအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၄ ရက်၌ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသည့် ကိုယ်စားလှယ်လောင်း ၃ ဦးစလုံးက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရေးအတွက် သန့်ရှင်းသည့် စွမ်းအင်ကဏ္ဍကို မြှင့်တင်ရန် ဦးစားပေးလုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒ စစ်တမ်းများတွင် ထောက်ခံမှု မတိမ်းမယိမ်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဂန်ဂျာ ပရာနိုဝို (Ganjar Pranowo) တို့သည် နိုင်ငံပိုင် PLN ကုမ္ပဏီက စွမ်းအင်ကဏ္ဍကို လက်ဝါးကြီးအုပ်ထားမှုကို အဆုံးသတ်ရန် စဉ်းစားလျက်ရှိသည်။

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဂန်ဂျာ ပရာနိုဝိုကို တွေ့ရစဉ်

၎င်းတို့ ၂ ဦးသည် စွမ်းအင်ထုတ်လုပ်သည့် ကုမ္ပဏီများက ဖောက်သည်များထံသို့ တိုက်ရိုက်ရောင်းချပေးနိုင်ရန် ရည်မှန်းထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် စွမ်းအင်ထုတ်လုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများက PLN သို့ ပေးသွင်းရမည့် အခကြေးငွေ များနှင့်ပတ်သက်ပြီး စည်းကမ်းပိုင်း အားနည်းချက်များရှိနေပြီး PLN က စွမ်းအင်ထုတ်လုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီ များကို ကမ်းလှမ်းပေးနိုင်မည့် ဝန်ဆောင်မှု အပိုင်းတွင်လည်း အားနည်းချက်များရှိနေသည်။

အင်ဒိုနီးရှားကျွန်းဆွယ်၏ မြေမျက်နှာသွင်ပြင်အနေအထားကြောင့် ကျွန်းစုများပေါ်တွင် စိုက်ထူထားသည့် လျှပ်စစ်ဓာတ်အား တာဝါတိုင်များသည် အတွင်းပိုင်း ချိတ်ဆက်မှုများမရှိသဖြင့် နိုင်ငံတစ်ဝန်း စွမ်းအင် မျှဝေ သုံးစွဲမှုများကို ရှုပ်ထွေးစေခဲ့သည်။ 

ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုကို တွေ့ရစဉ်

ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုနှုန်း တတိယနေရာတွင် ရှိနေသည့် ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူး ဟောင်း အန်နီစ် ဘက်စ်ဝီဒန် (Anies Baswedan) ကမူ စွမ်းအင်ကဏ္ဍအတွက် တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်မှုပိုင်း လိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း နိုင်ငံပိုင် PLN ကုမ္ပဏီ၏ လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်ရန် အဆိုပြုခဲ့ခြင်း မရှိပေ။

PLN ကုမ္ပဏီသည် လျှပ်စစ်စွမ်းအင်များအား ဖောက်သည်အများစုကို တစ်ဦးတည်း မူပိုင်ရောင်းချသူဖြစ်ပြီး စွမ်းအင်ထုတ်လုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများထံမှ စွမ်းအင်များကိုလည်း တစ်ဦးတည်း ဝယ်ယူသူဖြစ်သည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အစီအစဉ်များနှင့်ပတ်သက်ပြီး PLN ကုမ္ပဏီက မှတ်ချက်ပေးခဲ့ ခြင်းမရှိဘဲ ၂၀၂၄ ခုနှစ်မှ ၂၀၃၃ ခုနှစ်အတွက် ပြန်ပြည့်မြဲစွမ်းအင်ကို ၃၁ ဒသမ ၆ မဂ္ဂါဝပ်အထိ မြှင့်တင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ 

Source: ရိုက်တာ