CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀

ပီအက်စ်ဂျီအသင်းဟာ စပိန်လက်ရွေးစင်အသင်း နည်းပြဟောင်း လူးဝစ်အင်းနရစ်ကို နည်းပြအဖြစ် ခန့်အပ်မှာ ဖြစ်တာကြောင့် အသင်းက ထွက်ခွာမယ်လို့ သတင်းထွက်နေတဲ့ နေမာဟာ ပြင်သစ်ကလပ်မှာ ဆက်နေဖွယ် ရှိနေပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်က နေမာကို ခေါ်ယူချင်နေပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ဘရာဇီးလ်ကစားသမားကို ခေါ်ယူဖို့ ပြင်သစ်ကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ လူးဝစ်အင်းနရစ် ရောက်ရှိလာမှာ ဖြစ်တဲ့အတွက် နေမာဟာ သူ့ရဲ့ ရပ်တည်မှုကို ပြန်လည် စဉ်းစားနေပါတယ်။

ဘာစီလိုနာအသင်း နည်းပြဟောင်းနဲ့ ပြန်လည် လက်တွဲချင်နေတယ်လို့ သိရတာပါ။

နေမာနဲ့ လူးဝစ်အင်းနရစ် ဘာစီလိုနာမှာ အလုပ်တွဲလုပ်ခဲ့ကြစဉ်

နေမာဟာ အရင်က လူးဝစ်အင်းနရစ်နဲ့ ဘာစီလိုနာအသင်းမှာ ၂၀၁၄ ကနေ ၂၀၁၇ အထိ ၃ ရာသီကြာ လက်တွဲ လုပ်ကိုင်ခဲ့ပြီး လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

နေမာသာ ပီအက်စ်ဂျီမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းဟာ ဈေးကွက်မှာ အခြားရွေးချယ် စရာတွေကို ရှာဖွေသွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပေမယ့် စပါးအသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး များပြားတာကြောင့် တခြားတိုက်စစ်မှူးတွေကို ရှာဖွေနေ တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်၊ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်၊ ဖရန့်ဖတ် တိုက်စစ်မှူး မူအာနီနဲ့ အတ္တလန္တာတိုက်စစ်မှူး ဟော့ဂျ်လန်းနဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်တို့ထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။ 

နေမာဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူကာ ၁၇ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် ဖေဖော်ဝါရီလက ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူခဲ့ရတာ ဖြစ်ပါတယ်။