CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က ဘရက်စ်အသင်းနဲ့ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ သူတို့ရှုံးနိမ့်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ ဒီပွဲမှာ ကျနော်တို့ပွဲကိုထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ မတူညီတဲ့ အပိုင်း ၂ ခုရှိခဲ့ပါတယ်။ ပထမပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး ဒီရာသီရဲ့ အကောင်းဆုံးတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ ဒုတိယပိုင်းကတော့ ဒီရာသီရဲ့ အဆိုးရွားဆုံးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်တို့ ရှုံးနိမ့်သွားနိုင်ပါတယ်”လို့ပြောခဲ့တာပါ။

ပီအက်စ်ဂျီနဲ့ ဘရက်စ်အသင်းတို့ရဲ့ ပွဲစဉ်ဟာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းက အဆန်စီယို၊ မူအာနီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကာမာရာနဲ့ ပါရဲရားတို့က ဘရက်စ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ သရေကျခဲ့ပေမယ့် ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပြီး ဒုတိယနေရာက နိုက်စ်အသင်းကို ၆ မှတ်ဖြတ်ထားတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဖေဖော်ဝါရီလထဲမှာ ဘရက်စ်အသင်းနဲ့ ပြင်သစ်ဖလား ၁၆ သင်းအဆင့် ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ဒီလိုမျိုးထပ်ပြီးမဖြစ်ဖို့ မျှော်လင့်တယ်လို့ နည်းပြ လူးဝစ်အင်းနရစ်က ထပ်ပြီးပြောခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ဒီပွဲက လာမယ့်ဖလားပွဲမှာ ဘယ်လောက်အထိခက်ခဲမလဲဆိုတာကို ပြသလိုက်တာပါ။ ဒါကို ကျနော်ဒေါသထွက်မိပါတယ်။ အဲ့ဒါကြောင့်လာမယ့်ပွဲစဉ်မှာ ပြီးခဲ့တဲ့ ၂ ကြိမ်ကဖြစ်ပျက်ခဲ့သလို ထပ်ပြီးမဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဘရက်စ်ဟာ ပြင်သစ်လိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဆိုတာ သံသယမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီအပတ်လီဂူးဝမ်းပွဲစဉ်အဖြစ် စထရာဘောင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN