CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀

ရိန်းဂျားစ်နဲ့ အက်စတွန်ဗီလာ အသင်းနည်းပြဟောင်း စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ်မှာ နည်းပြအဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းမှုကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

စတီဗင်ဂျရတ်က “ဆော်ဒီမှာ လုပ်ဖို့အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ ကမ်းလှမ်းမှုတွေကို ကြည့်နိုင်အောင် ကျနော့်ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဒါနဲ့ပတ်သက်ပြီး ကျနော် ခွဲခြမ်းစိတ်ဖြာ ပြီးသွားပါ ပြီ။ ဒါပေမယ့် ကျနော် ဒီကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ပါဘူး”လို့ Channel 4 ကို ပြောခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အက်စတွန်ဗီလာ အသင်းကနေ ထုတ်ပယ် ခံရပြီးကတည်းက နည်းပြ အလုပ်အကိုင် မရရှိသေးပါဘူး။ 

လီဗာပူးလ်နဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းဟာ အခုလ အစောပိုင်းက ဆော်ဒီကို ရောက်ရှိနေတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ပြီး အယ်လ်အက်တီဖတ်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာ အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်ခဲ့ချိန် ၁၁ လအတွင်းမှာ ပွဲပေါင်း ၄၀ ကိုင်တွယ်ခဲ့ပြီး ၁၃ ပွဲသာ အနိုင်ရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့တာပါ။ 

စတီဗင်ဂျရတ်ကို တွေ့ရစဉ်

၂၀၁၆ မှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တဲ့ စတီဗင်ဂျရတ် ဟာ နည်းပြဘဝ ပထမဆုံး ခြေလှမ်းအဖြစ် ၂၀၁၈ မှာ ရိန်းဂျားစ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ကလပ်အသင်းကို နှစ်ပေါင်း ၁၀ နှစ်အကြာမှ ပထမဆုံးအကြိမ် စကော့တလန် ပရီမီးယားရှစ်ဖလား ရရှိအောင် ဦးဆောင် နိုင်ခဲ့ပါတယ်။

ဇွန်လ အစောပိုင်းက ရီးရယ်လ်အသင်းက ထွက်ခွာပြီး အယ်လ်အီးတီဟတ်ကို ပြောင်းခဲ့တဲ့ ဘန်ဇီမာဟာ ဆော်ဒီ လိဂ်ကို ရောက်ရှိလာတဲ့ နောက်ဆုံး ပုံရိပ်မြှင့် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ 

ဘန်ဇီမာ မတိုင်ခင်က ဆော်ဒီလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဆော်ဒီလိဂ်ဟာ ပရီးမီးယားလိဂ်ရှိ နာမည်ကြီး ကစားသမား အများအပြားကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Source: BBC