CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀

ကော့တွိုက်စ်ဟာ သူလက်ရွေးစင်အသင်းကနေ ထွက်ခွာခဲ့တာမှာ အသင်းခေါင်းဆောင်လက်ပတ်ကြောင့်ဆိုပြီး မှတ်ချက်ပေးခဲ့တဲ့ နည်းပြ တီဒတ်စ်ကို ကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ကော့တွိုက်စ်က “နည်းပြရဲ့ သတင်းစာရှင်းလင်းပွဲကို ကြားခဲ့ရတဲ့အချိန်မှာ ကျနော်အံ့အားသင့်သွားခဲ့ရပါတယ်။ အဝတ်စားလဲခန်းထဲမှာဖြစ်ခဲ့တဲ့ အခြေအနေတွေကို နည်းပြတစ်ဦးနဲ့ စကားပြောတာက ပထမဆုံးအကြိမ် မဟုတ် သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် လူသိရှင်ကြားပြောဖို့ ဆုံးဖြတ်တာက ပထမဆုံး အကြိမ် ပါ။ ကျနော်ဒါကို အလွန်စိတ်ပျက်မိပါတယ်။ နည်းပြရဲ့ အကဲဖြတ်မှုတွေဟာ လက်တွေနဲ့ မကိုက်ညီပါဘူး။ လက်ရွေးစင်အသင်းခေါင်းဆောင်ကို ဆုံးဖြတ်တာဟာ သူ့ဆုံးဖြတ်ချက်နဲ့သူ ဖြစ်သင့်ပါတယ်။ ဒါကို ကျနော်သူ့ကို ပြောပြဖို့ ကြိုးစားပါတယ်။ ကျနော်ဘာကိုမှ မတောင်းဆိုပါဘူး။ ကျနော့်မှာ ဒူးဒဏ်ရာရနေလို့ လေ့ကျင့်ရေး စခန်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ သြစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် နည်းပြ တီဒတ်စ်ကိုက လူကာကူကို ရွေးချယ်ခဲ့တာမှာ ပြဿနာတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကော့တွိုက်စ်ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ခဲ့ခြင်းမရှိဘူးလို့ သတင်းတွေ ထွက်ပေါ် လာခဲ့တာပါ။

ဘယ်လ်ဂျီယံနည်းပြ တီဒတ်စ်ကိုဟာ သြစတြီးယားအသင်းနဲ့ပွဲမှာ လူကာကူ၊ အက်စတိုနီးယားနဲ့ပွဲမှာ ကော့တွိုက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဂိုးသမားဟာ သြစတြီးယားနဲ့ ပွဲအပြီးမှာ သူ့ကို အိမ်ပြန်မယ်လို့ ပြောခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တီဒတ်စ်ကိုက “ကျနော်ဆုံးဖြတ်ခဲ့တဲ့အရာအတွက် လူတိုင်းအဆင်ပြေခဲ့ပေမယ့် ပွဲအပြီးမှာ ကော့တွိုက်စ်က ရုတ်တရက် ကျနော်နဲ့စကားပြောဖို့ လုပ်ခဲ့ပါတယ်။ သူဟာ စိတ်ပျက်နေတာကြောင့် အိမ်ပြန်တော့မယ်လို့ ကျနော်ကိုပြောခဲ့ပါတယ်။ ကျနော်ဟာ အစကတည်းက သူနဲ့ထိုက်တန်တဲ့အရာကို ပြသဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော့်အမြင်မှာ သူက ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ပေမယ့် သူလုပ်ခဲ့တဲ့အရာအတွက် ကျနော် အံ့သြမိခဲ့ တယ်။ ဒဏ်ရာလို့ပြောချင်ပေမယ့် လိမ်လို့တော့မရပါဘူး” လို့ ပြောခဲ့ပါတယ်။

ကော့တွိုက်စ်ဟာ ဒီလိုလုပ်ဆောင်ခဲ့တဲ့အရာကြောင့် လက်ရွေးစင်ကစားသမားဘဝ အနာဂတ်ကိုပါ ထိခိုက်လာနိုင် တယ်လို့ သုံးသပ်မှုတွေရှိခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အတွက် ၂၀၁၁ မှာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၂ ပွဲ ပါဝင်ကစားထားတာဖြစ်ပါတယ်။

Source:Goal