CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀

အိုက်စလန်အသင်းနဲ့ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ လက်ရွေးစင် ကစားသမားဘဝ ပွဲပေါင်း ၂၀၀ အဖြစ် ပါဝင် ကစားမယ့် ရော်နယ်ဒိုက သူဟာ ပေါ်တူဂီအတွက် ကစားပေးဖို့ကို ဘယ်တော့မှ လက်လျှော့မသွားဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ကျနော်ဟာ ပေါ်တူဂီအတွက် ကစားပေးဖို့ကို ဘယ်တော့မှ လက်လျှော့သွားမှာ မဟုတ်ပါဘူး။ နိုင်ငံ တကာပွဲ ၂၀၀ ရောက်ရှိမှာက ကျနော့်ရဲ့ နိုင်ငံနဲ့ အသင်းအပေါ် ချစ်ခြင်းမေတ္တာတွေကို ပြသနေတာပါ။ သွင်းဂိုးနဲ့ အတူ နိုင်ငံတကာပွဲ ၂၀၀ ပြည့်မယ်ဆိုရင် ကျနော့်အတွက် အံ့မခန်းဖြစ်မှာပါ။ ကျနော်က မှတ်တမ်းတွေ နောက် လိုက်နေတာ မဟုတ်ပါဘူး၊ သူတို့ကသာ ကျနော့် နောက်ကို လိုက်နေတာပါ။ အသင်းနဲ့အတူ အမြင့်ဆုံးအဆင့်မှာ ဆက်ရှိနေဖို့ ကျနော့်ရဲ့ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် ပျော်ရွှင်ပါတယ်”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ မတ်လက ကစားခဲ့တဲ့ လက်ချင်စတိန်းနဲ့ ပွဲမှာ နိုင်ငံတကာပွဲ အရေအတွက် ၁၉၇ ပွဲနဲ့ နိုင်ငံတကာပွဲ အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ထားပါတယ်။ 

ရော်နယ်ဒိုနဲ့ နည်းပြ ရော်ဘတ်တိုမာတီးနတ်ဇ်ကိုတွေ့ရစဉ်

ဒါအပြင် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ သွင်းဂိုး ၁၂၂ ဂိုးနဲ့ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် လည်း ရပ်တည်နေတာပါ။

ရော်နယ်ဒိုဟာ နည်းပြသစ် ရော်ဘတ်တို မာတီးနတ်ဇ် လက်ထက် ပေါ်တူဂီအသင်းအတွက် ၃ ပွဲ ကစားအပြီးမှာ ၄ ဂိုး သွင်းယူထားပေမယ့် ဘော့စနီးယားကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာတော့ ဂိုးသွင်းယူ နိုင်ခဲ့ခြင်း မရှိပါဘူး။

ပေါ်တူဂီနည်းပြ ရော်ဘတ်တို မာတီးနတ်ဇ်က အိုက်စလန်နဲ့ ကစားမယ့်ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ရော်ဘတ်တိုမာတီးနတ်ဇ်က “ကစားသမားတစ်ဦးက ပွဲ ၂၀၀ ပြည့်ဖို့ဆိုတာ ထူးခြားပါတယ်။ ဒါက ပေါ်တူဂီ ဘောလုံး လောကအတွက် ဂုဏ်ယူစရာ ကောင်းတဲ့ အရာပါပဲ”လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အနိုင်ရကာ ရဂိုး ၁၃ ဂိုး အထိ သွင်းယူ ထားပြီး ပေးဂိုး မရှိအောင် စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။

Source: CNA