CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉

အင်္ဂလန်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားတယ်လို့ နည်းပြ ဆောက်ဂိတ်က ပြောလိုက်ပါတယ်။

ဆောက်ဂိတ်က “ကျနော်တို့ ရထားတဲ့ အတွေ့အကြုံတွေ၊ အသင်းရဲ့ အရည်အသွေးတွေနဲ့ ကျနော်တို့ရဲ့ ရည်မှန်း ချက်က ဥရောပချန်ပီယံ ဖြစ်ဖို့ပါ။ ဒါကို ရယူနိုင်ဖို့ ကျနော်တို့ ဆန္ဒတွေ ပြင်းပြနေပါတယ်။ ကျနော်တို့ဟာ ခြေစစ် ပွဲ မအောင်မြင်သေးပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ ဆန္ဒတွေရှိဖို့ကို ကျနော်တို့ ကြောက်နေမှာ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက အဲဒီနေရာတွေမှာ သေချာပေါက် ရှိပါတယ်။ ခရိုအေးရှား အသင်းဆိုရင် ဗိုလ်လုပွဲအထိ တိုးတက်နိုင်ခဲ့ တယ်၊ ပေါ်တူဂီကလည်း အလွန်တောင့်တင်းပါတယ်။ ပြင်သစ်၊ စပိန်နဲ့ အီတလီတို့က ထပ်ပြီး မတိုးလာရင် ကျနော် အံ့အားသင့်မိမှာပါ။ ကျနော်တို့ဟာ သံသယကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသင့်တယ်”လို့ ပြော ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အီတလီအသင်းကို ပင်နယ်တီ အဆုံး အဖြတ်နဲ့ အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်

အင်္ဂလန်အသင်းဟာ လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရသလို နည်းပြ ဆောက်ဂိတ်ကလည်း ကစားသမားတွေဆီကနေ သူလိုချင်တဲ့အရာကို ဖုံးကွယ် ထားခြင်း မရှိပါဘူး။

အင်္ဂလန်အသင်းဟာ လက်ရှိအချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရဖို့အတွက် ခြေစစ်ပွဲတွေ ကစားနေတာမှာ ၃ ပွဲ ကစားအပြီး ၃ ပွဲစလုံး အနိုင်ရရှိထားပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲတွေမှာ ရဂိုး ၈ ဂိုး သွင်းယူထားပြီး ပေးဂိုး ၁ ဂိုးသာ ပေးထားရကာ ခြေစွမ်းကောင်းတွေ ပြသနေတာပါ။ 

ဆောက်ဂိတ်က “လူတိုင်းက ခင်ဗျားရဲ့ အကောင်းဆုံး အသင်းကို သိလားလို့ မေးကြပါတယ်။ ဒါပေမယ့် ကျနော်တို့ မှာ လူတိုင်းကို အသုံးပြုလို့ မရပါဘူး။ ဒါကြောင့် သတ်မှတ်ထားတဲ့ အချိန်မှာတော့ ခင်ဗျားရဲ့ အကောင်းဆုံး အသင်း ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံစံက ဒါကို ညွှန်ကြားနိုင်သလို ကြံ့ခိုင်မှုအဆင့်ကလည်း ဒါကို အဆုံးအဖြတ် ပေးနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန်လ ၂၀ ရက်မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Daily Mail