CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၉

ထိုင်းတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများသည် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ရာတွင် ကုန်ကျစရိတ် အဆမတန်ပေးရသဖြင့် လာမည့် ထိုင်းအရပ်သားအစိုးရသစ် လက်ထက်တွင် အဆိုပါနှုန်းထားများ လျော့နည်းသွားနိုင်ကြောင်း ထိုင်းရှိအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

သို့သော် လက်ရှိယာယီအစိုးရလက်ထက်တွင် ထိုပြဿနာများအား ဖြေရှင်းနိုင်မည်မဟုတ်သေးကြောင်းလည်း ၎င်းတို့က CNI သတင်းဌာနသို့ ပြောသည်။

အစိုးရသစ်တစ်ရပ်တက်လာချိန်တွင် ဝန်ကြီးချုပ် ပရာယွတ်လက်ထက်တွင် တာဝန်ယူခဲ့သည့် ထိုင်း အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် အပြောင်းအလဲများရှိလာနိုင်ကာ အလုပ်သမားအရေး မူဝါဒပိုင်းတွင် ကုန်ကျ စရိတ်များ လျော့ကျသွားမည်ဟု မျှော်လင့်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ ညွန့်ပေါင်းပါတီအဖွဲ့ဝင်များ(ဓါတ်ပုံ-Getty Images)

“ဘာကြောင့်လဲဆိုတော့ အခုတက်တဲ့ အနိုင်ရပါတီဟာ သူကိုယ်တိုင်က ရိုးရိုး ရပ်ကွက်စကားနဲ့ပြောရရင် ပရဟိတလုပ်တဲ့ အဖွဲ့အစည်းတစ်ခု၊ လူ့အခွင့်အရေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် နိုင်ငံခြားသား အလုပ်သမားတွေကို သူ့အနေနဲ့ လုံးဝကို စာနာလိမ့်မယ်လို့ မျှော်လင့်တယ်။ သူတို့ ထိုင်းနိုင်ငံသားတွေ တော်တော် များများရော ဒီလုပ်ငန်းရှင်တွေအပါအဝင်ပေါ့ လွန်ခဲ့တဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ယူတဲ့ လက်ထက်မှာ ပုဒ်မ ၅ နဲ့ ၂၀၂၂ ဩဂုတ်လမှာ လုပ်ပေးတဲ့ ဘတ်နဲ့ပတ်သက်ပြီးတော့ ဒီပါတီကို လူ့အခွင့်အရေးလှုပ်ရှားတဲ့ ဒီ အဖွဲ့အစည်းကို တိုင်စာတွေရေးတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ ဂုတ်သွေးစုပ်တယ်ပေါ့ ဝန်ကြီးချုပ်အဟောင်းရဲ့ နာမည်တပ်ပြီး ပြောကြတာရှိတယ်။ ၂၀၂၂-၂၃ ကြားကာလမှာဆိုရင် တစ်နှစ်တည်းမှာ နှစ်ကြိမ်သက်တမ်းတိုးရလို့ ဘတ် သုံး၊ လေးသောင်း ကုန်တဲ့ အခြေအနေထိတောင်မှ ရှိခဲ့တယ်။ ဒါကြောင့်မို့လို့ အရပ်သားအစိုးရလက်ထက် ဝန်ကြီးဌာန အားလုံးကို တာဝန်ယူ နိုင်သူဆိုရင်တော့ ကုန်ကျစရိတ်တွေ ပိုမိုသက်သာသွားလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN သည် ထိုင်းအလုပ်သမားဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်ထံ သက်တမ်းကုန် MOU အလုပ်သမားများ၏ စာရွက်စာတမ်း သက်တမ်းတိုးမည့် ကိစ္စ၊ စာရွက်စာတမ်းပြုလုပ်ရာတွင် အဆမတန်ဈေးနှုန်းမြင့်မားသည့်ကိစ္စများနှင့် အခြားသော အလုပ်သမားရေး ကိစ္စများအား သွားရောက်ဆွေးနွေးခဲ့ကြသေးသည်။

နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် သက်တမ်းပြည့် MOU အလုပ်သမားများရှိသောကြောင့် သက်တမ်းပြည့် MOU သမားများအား နေရပ်ပြန်၍ သက်တမ်းတိုးခိုင်းခြင်းအစား ထိုင်းနိုင်ငံအတွင်း၌ သက်တမ်းတိုး၍ရရန် စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ရွှေ့ပြောင်းအလုပ်သမားများ(ဓါတ်ပုံ-Getty Images)

MWRNမှ အကြံပေး ဦးအောင်ကျော်က “၃၇၆ နေရာရမှ သူကလုပ်ရမှာ။ အခု ၈ ပါတီပေါင်းတာတောင်မှ မဲလေးက ၃၁၃ လောက်ပဲ ရှိသေးတယ်ဆိုတော့ အများကြီးလိုနေသေးတယ်။ အထက်လွှတ်တော်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို သူ့သဘောထားအမြင်တွေ ညှိနှိုင်းရမယ်။ ပေါင်းစပ်ရမယ်။ ကိုယ့်ဘက်ကို ပါအောင် လုပ်ရမယ်။ အဲ့ကျမှ သူက ဖြစ်မှာ။ အဲဒီလိုအခြေအနေမျိုးတွေရောက်မှ အစိုးရတစ်ရပ်က ပီပီပြင်ပြင် အမိန့်တွေ ချမှတ်ရမှာ။ ဒါတောင် ဝန်ကြီးချုပ်က သူ့ဘာသာသူ ချရမှာမဟုတ်ဘူး။ လွှတ်တော်ကိုတင်မယ်၊ လွှတ်တော်မှာ မဲခွဲမယ်၊ အားလုံးစီစဉ်ဆုံးဖြတ်ပြီးတော့မှ ဒီလမ်းကြောင်းကောင်းတယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ကို လုပ်ရမယ်ဆိုတဲ့ အဖြေပေါ်လာမှ ဒါတွေဖြစ်လာမှာ။ ကျနော်တို့ သွားတွေ့ တယ်ဆိုတာက ဒါတွေ တအား ခက်ခဲနေပါပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာ။ အဲဒီတော့ သူတို့ကလည်း ဟုတ်ကဲ့ ကျနော်တို့ကလည်း ယာယီအနေနဲ့ အိမ်စောင့်အစိုးရအနေနဲ့ နေထားပေးတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဒါကို ဆက်လက်ပြီး အထက်ကိုတင်ပြပေးပါမယ်ဆိုတာမှအပ ကျနော်တို့ မနက်ဖြန်ဘာလုပ်ပေးမယ်၊ သဘက်ခါဘာလုပ်ပေးမယ် ပြောနိုင်တာမဟုတ်ဘူးလေ။ ဒါပေမယ့် ကျနော်တို့က သူတို့နှလုံးသားထဲ စွဲသွားအောင် အရင် သွားထောက်ထား ပေးတာ။ စာရွက်စာတမ်းကိစ္စမှအပ ကျန်တဲ့အခက်အခဲက အဲဒီလောက်ကြီးမှ မဟုတ်တာ” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့အသစ်သည် လာမည့် ဩဂုတ်လတွင် အတည်တကျဖြစ်မည်ဟု ယူဆ ပြောဆိုနေကြသော်လည်း အဓိက အနိုင်ရ အတိုက်အခံပါတီနှစ်ခုဖြစ်သည့် Move Forward ပါတီနှင့် ဝန်ကြီးချုပ် ဟောင်း သက်ဆင်၏ သမီးဖြစ်သူပါဝင်သည့် ဖြူးထိုင်းပါတီတို့အကြား တင်းမာမှုများ ရှိနေသည်။