CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆

ခရီးသွားများ ပုံမှန်သွားလာနေကြဖြစ်သည့် ခရီးစဉ်ဒေသများထဲမှ နယ်မြေတည်ငြိမ်အေးချမ်းသည့် ဒေသများသို့ ခရီးသွားသိန်းချီဝင်ရောက်ခဲ့သော်လည်း တိုက်ပွဲများကြောင့် နယ်မြေ မတည်ငြိမ်သော ဒေသများတွင် ခရီးသွား ဝင်ရောက်မှု မရှိသလောက်ဖြစ်ကြောင်း ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။ 

ခရီးသွား အများဆုံး ဝင်ရောက်လေ့ရှိသည့် ဒေသများထဲမှ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်ဖြစ်သွားသည့် တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ နယ်မြေမတည်ငြိမ် သေး၍ ခရီးသွားဝင်ရောက်မှု သိသာစွာကျဆင်းသွားကြောင်း ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ၁၄ သိန်း ကျော် ဝင်ရောက်မှုရှိခဲ့၍ ပြီးခဲ့သည့် နှစ်ထက် ၄၀ ရာခိုင်နှုန်းတိုးလာသည်။

သို့သော် ၂၀၂၂ ခုနှစ်၌ ခရီးသွား အများအပြား ဝင်ရောက်ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် ခရီးသွားမရှိသလောက် ဖြစ်သွားကြောင်း ရှမ်းပြည်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၂၀၂၂ မှာတော့ ကျနော်တို့ ရှမ်းမြောက်ကတော့ တကယ့်ကို ခရီးသွားအများဆုံး ဝင်ရောက်ခဲ့တဲ့နှစ်ပေါ့။ အခန်းလည်း ပြည့်တယ်ပေါ့။ အခန်းတွေဆို ဒီနေ့လာ ဒီနေ့အခန်းမရဘူး။ ၂ ရက်၊ ၃ ရက်လောက် ကြိုတင် ဘိုကင် တင်မှ အခန်းရတဲ့ အနေအထားမျိုးအထိ ၂၀၂၂ ခုနှစ်မှာ ဖြစ်ခဲ့တယ်။ အဓိကကတော့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ငြိမ်းချမ်းမှုလည်း အဓိကကျပါတယ်။ ရှမ်းတောင်တို့၊ ရှမ်းအရှေ့တို့တော့ တိုက်ပွဲဖြစ်တာတွေမရှိဘူး။ တိုက်ပွဲဖြစ် တာလည်း နည်းတယ်။ အဓိကကတော့ ခရီးသွားလာမှုလည်း အဆင်ပြေတယ်ဆိုတော့ အဲဒီဘက်ကတော့ ဒီအချိန် က ပွင့်လင်းရာသီ ခရီးသွားရာသီလည်း ဖြစ်ပြီဆိုတော့ သူတို့ကတော့ ဧည့်သည်ရမှာပေါ့လေ။ ကျနော်တို့ဘက်က တော့ တိုက်ပွဲတွေလည်းဖြစ်၊ လမ်းတံတားတွေလည်း ချိုးခံထားရတယ်ဆိုတော့ အရေးနဲ့အကြောင်း တော်ရုံတန်ရုံ ခရီးသွားသူကလွဲလို့ ခရီးသွားတာ မရှိဘူးပေါ့။ ကွာဟချက်ကတော့ တော်တော်လေး ကွာသွားပါတယ်။ ပြောင်းပြန် လို ဖြစ်သွားတာပေါ့” ဟု ပြောသည်။

 ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA)တို့ကြား ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း တချို့ နေရာများတွင် တိုက်ပွဲများဖြစ်နေသေးကြောင်း၊ လက်ရှိတွင် ငြိမ်းချမ်းရေး မရသေးသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း  ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရန်မှာ အချိန် ကာလ အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပုဂံဒေသသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ၅ သိန်းနီးပါး ဝင်ရောက်ခဲ့သည်။

ထို့နောက် သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် ဒီဇင်ဘာ ပိတ်ရက်များတွင် ခရီးသွားအများအပြား ဝင် ရောက်လေ့ရှိသည့် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်နေ့က တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် တန်ဆောင်တိုင် ပိတ်ရက်မှစတင်ကာ ခရီးသွားဝင်ရောက်မှု လျော့နည်းသွားကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောစရာလည်းမရှိဘူး ဒီအချိန်ကြီး ဘာပြောရမှာလဲ။ ဒီအခြေအနေမှာ ခရီးသွားကို ဘယ်လိုပြောမလဲ။ အဲဒါပဲ ‌ပြောဖို့ခက်နေတာပေါ့။ ဒီအချိန်မှာဘာပြောမလဲ။ သံတွဲ၊ ငပလီကို သွားတဲ့လူလောက်ပဲရှိတာ။ ငပလီဆိုတာ ကလည်း ဟိုဘက်ကနေ လေယာဉ်နဲ့လာတဲ့ အဖွဲ့လောက်ပဲရှိတာ။ ပြောစရာမရှိဘူးဖြစ်နေတယ်။ ဒီအချိန်ကြီးမှာ” ဟု ပြောသည်။

အောက်တိုဘာလမှ ဧပြီလအထိကို မြန်မာနိုင်ငံ၏ ခရီးသွားရာသီအဖြစ် သတ်မှတ်ထားကြသော်လည်း လက်ရှိ တိုက်ပွဲများသည် ခရီးသွားရာသီအတွင်း ဖြစ်ပွားခဲ့ကြသည့်အတွက် ခရီးသွားဝင်ရောက်မှု ဆုံးရှုံးသည့်အပြင် ထိုခရီး သွားများအပေါ် မှီခိုအားပြုနေရသည့် စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းများအတွက်ပါ အကြပ်ရိုက်စေခဲ့ကြောင်း သိရသည်။

 ပင်လယ်ကမ်းခြေမှာ ခရီးသွားများကို တွေ့ရစဉ်

ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက “လ.ဝ.က က ရတဲ့‌ဒေတာတွေက ၁ သန်းရှိပြီပေါ့  ၂၀၂၃ မှာ။ သူများနိုင်ငံ တွေ ထိုင်းတို့ ဘာတို့မှာဆိုရင် မှန်းထားတာ ၂၅ သန်း မှန်းထားပေမယ့် ၂၈ သန်းအထိ တက်သွားတယ်။ မလေးရှား လည်းတက်တယ်။ အိမ်နီးချင်း နောက်ဆုံး ကမ္ဘောဒီးယား၊ လာအိုတောင်မှ သန်းကျော်သွားပြီ။ ၃ သန်းလောက် လား ၄ သန်းလောက်လား အဲဒီလောက်ဖြစ်သွားပြီ။ ဗီယက်နမ်လည်း အလားတူပဲ။ အာဆီယံထဲမှာ မြန်မာက ၁ သန်းပြည့်ပြီ ပြောတယ်ဆိုပေမယ့် ရန်ကုန်လေဆိပ်ကအဓိကပေါ့။ တစ်နေ့ကို ပျမ်းမျှပေါ့နော် ၂၀၂၃ ဇန်နဝါရီကနေ ဒီဇင်ဘာအထိကို ၂ သောင်း ပတ်လည်နီးပါးလောက်ဝင်တယ်။ ၁၂ လနဲ့မြှောက်မယ်ဆိုရင် ၂ သိန်းခွဲ ၃ သိန်းက အလွန်ဆုံးပဲ။ border တွေကလည်း ၂၀၂၃ အခြေအနေမှာ တော်တော်များများ ပိတ်ထားရတယ်။ Tourist က ကျနော်ထင်တယ် ၁ သန်းမဖြစ်နိုင်ဘူး။ အလွန်ဆုံးရှိ ၃၊ ၄ သိန်းပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုသည် ၁၂ သိန်းကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ရာတွင် လေကြောင်း၊ သင်္ဘော၊ နယ်စပ် ဝင်ပေါက်များမှ ဗီဇာဖြင့် ဝင်ရောက်သည့် နှုန်းထားမှာ ၂ သိန်း ၈ သောင်းကျော်သာရှိခဲ့ပြီး နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် ဝင်ရောက်သည့် နှုန်းထားမှာ ၁၀ သိန်း နီးပါးအထိ ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လေဆိပ် အပါအဝင် နယ်စပ်ဂိတ်များမှ ပြည်ပခရီးသွား ဝင်ရောက်မှုသည်  ၂ သိန်း‌ကျော် သာရှိခဲ့သည့်အတွက် ၅ ဆ ကျော် ပိုမိုများပြား လာသည်ကို‌ တွေ့ရသည်။