CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

ပြီးခဲ့သည့် သီတင်းကျွတ်ကာလ အောက်တိုဘာ ၁၂ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကျိုက်ထီးရိုးဖြစ်စဉ်ကြောင့် လာမည့် တန်ဆောင်တိုင်ပိတ်ရက်ကာလတွင် ဘုရားဖူးခရီးသွားများထက် အပန်းဖြေခရီးသွားများမည့်သူ ပိုများလာနိုင်ကြောင်း ဟိုတယ်ခရီးသွားနှင့် ခရီးသွားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် တန်ဆောင်တိုင်ပိတ်ရက်တွင် ပြည်တွင်းခရီးသွားလာမှုသည် ပြီးခဲ့သည့် သီတင်းကျွတ်ပိတ်ရက် ပြည်တွင်းခရီးသွားလာမှုထက် များနိုင်ကြောင်းလည်း ဟိုတယ်ခရီးသွားနှင့် ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “အခုကျတော့ သွားလို့ရမယ့် နေရာတွေက နည်းသွားတယ်။ လုံခြုံရေးနဲ့ ရပ်ရွာဒေသမှာ မတည်ငြိမ်မှုတွေကြောင့်မို့လို့ နည်းတယ်။ နည်းတဲ့ အခါကျတော့ သွားလို့ရတဲ့နေရာတွေကို စုပြုံသွားနေရတာဖြစ်တယ်။ သွားလို့ရတဲ့ နေရာနည်းတော့ ရတဲ့နေရာ ကိုပဲ စုပြုံပြီးသွားကြရတော့ ချောင်းသား၊ ငွေဆောင်တွေ ငပလီဆိုတဲ့ နေရာတွေမှာကတော့ အပြည့်နီးပါး ပါပဲ ခရီးသည်တွေကလေ။ ရှမ်းပြည်ဘက်ဆိုရင်လည်း ကလော၊ တောင်ကြီးဘက်ကို သွားကြတာတွေ များတယ်။ ဒီ တန်ဆောင်တိုင်ပိတ်ရက်က များပါမယ်။ ဒီ ကျိုက်ထီးရိုးမှာဖြစ်တဲ့အဖြစ်ကြောင့် ခရီးသွားမယ့်လူတွေ နည်းနည်း ကြောက်ရွံ့သွားတာရှိတယ်။ အဲဒါကြောင့် လူအရမ်းများတဲ့ နေရာတွေတော့ ရှောင်သွားလိမ့်မယ်ထင်တယ်။ ကမ်းခြေဒေသတွေကတော့ ပိုပြီးတော့ များပါလိမ့်မယ်။ ဒီဘုရားဖူးတဲ့နေရာတွေတော့ နည်းနည်း နည်းသွားမလား မသိဘူး။ ယခင် သီတင်းကျွတ်လပြည့်လောက်တော့ များပါ့မလားတောင် မသိဘူး။ ကျနော်တော့ နည်းနည်း စိုးရိမ်တယ်။ ကမ်းခြေဒေသတွေကတော့ ပိုများပါတယ်။ နောက်တစ်ခါ တနင်္သာရီတိုင်း ဘက်မှာရှိနေတဲ့ မြိတ်တို့ ကော့သောင်းတို့ အဲဒီဘက်တွေကိုလည်း လေယာဉ်ပျံနဲ့ ဒီကနေ သွားရောက်ပြီး ကျွန်းတွေကို။ ရန်ကုန်ကနေ မြိတ်ကိုသွားမယ်၊ ပြီးရင် ကော့သောင်းသွားမယ်၊ ပြီးသွားရင် အဲဒီဘက်မှာ ကျွန်းတွေကို သွားရောက်လည်ပတ်မယ့် ပြည်တွင်းခရီးစဉ်တွေပေါ့။ အဲဒါတွေလည်း ရောင်းရတယ်လို့ ကျနော်တို့ကြားရပါတယ်။ တော်တော်လေးလေ” ဟု ပြောသည်။


ယခုနှစ်ပွင့်လင်းရာသီအတွက် ပြည်တွင်းခရီးသွားလာမှုသည် ပြီးခဲ့သည့် သီတင်းကျွတ်ကာလမှ စတင်ကာ များလာခဲ့ခြင်းဖြစ်ပြီး လက်ရှိကြားရက်များတွင်လည်း ခရီးသွားဝင်ရောက်မှုသည် ထိုးကျမသွားဘဲ ပုံမှန် အနေ အထားတွင် ဆက်လက်ရှိနေကြောင်း သိရသည်။

ချောင်းသာကမ်းခြေမြင်ကွင်း

လက်ရှိတွင် ရှမ်းပြည်နယ်ရှိ ဟိုတယ်များတွင် တန်ဆောင်တိုင်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင် ယူထားမှု များပြားနေပြီဖြစ်ပြီး တောင်ကြီးနှင့် ကလောမြို့တို့တွင် အများဆုံးဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။

"အခုဟိုတယ်တွေကို ဆာဗေးသဘောမျိုး မေးကြည့်တဲ့အခါကျတော့ တော်တော်များများ ဟိုတယ်တွေက ဘိုကင်ပြည့်နေပြီပေါ့နော် ကလောဘက်ဆိုရင်။ ဒါပေမယ့် တချို့တွေကျတော့လည်း work in guest ပေါ့ ဝင်လာတဲ့ဧည့်သည်ကို လက်ခံဖို့အတွက် အဲဒါမျိုးလေးတွေလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် ခန့်မှန်းရခက် ပါတယ်။ ကျိုက်ထီးရိုးဘက်က ဖြစ်စဉ်တွေရှိသွားတော့ ဒီဘက်ကို ပိုလာမယ်လို့ ခန့်မှန်းရတာပေါ့။ ဖြစ်ရင်တော့ ညောင်ရွှေဘက်ကတော့ နည်းနည်းတက်လာမလား။ အစကတော့ ညောင်ရွှေက မပြည့်ဘူး။ သူက တောင်ကြီး ကနေ day return ရယ်၊ ကလောကနေ day return သွားတယ်၊ ဘုရားဖူးသွားတယ်။ over night နေတာ နည်း တယ်။ ညောင်ရွှေကတော့ သီတင်းကျွတ်ထက်စာရင် တန်ဆောင်တိုင်မှာများ ပိုရနိုင်မလား အဲဒါမျိုးလေးတော့ ကျနော်တို့ ခန့်မှန်းတာရှိပါတယ်" ဟု ၎င်းက ပြောသည်။

ကိုဗစ်မဖြစ်ခင်ကာလ တန်ဆောင်တိုင်ပိတ်ရက်များတွင် ခရီးသွားများသည် တောင်ကြီးနှင့် ပြင်ဦးလွင်တို့တွင် ပွဲတော်များပြုလုပ်သဖြင့် နှစ်စဉ် ခရီးသွား အများဆုံးသွားရောက်ကြလေ့ရှိကြကာ ယခုနှစ်တွင်မူ တောင်ကြီး တန်ဆောင်တိုင်ပွဲအား လက်ရှိတွင် ကျင်းပရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

သို့သော် ပြင်ဦးလွင်မြို့တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာ ၄ ရက်မှ ၈ ရက်နေ့အထိ ကျင်းပရန် စီစဉ်နေကြောင်း လည်း သိရသည်။

ထို့ကြောင့် မကြာခင်ရောက်ရှိမည့် တန်ဆောင်တိုင်ပိတ်ရက်တွင်လည်း ထိုဒေသများသို့ ခရီးသွားဝင်ရောက်မှု ပိုများနိုင်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ပြောသည်။

"ရာသီပွဲကတော့ အဲဒီဘက်က ဦးစားပေးပေါ့။ ဒါပေမယ့် ဒီဘက်ကိုလည်း မလာဘူးလို့ မပြောနိုင်ပါဘူး။ ပြီးခဲ့တဲ့ သီတင်းကျွတ်ကလည်း ဒီဘက်လာတာပါပဲ။ လာတာတော့လာမှာပါ။ သီတင်းကျွတ်လောက်တော့ မများနိုင်ဘူး ထင်တယ်။ အန်ကယ်က ဟိုဟာနဲ့တွက်တာကို။ ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက တို့ဆီမှာများသလို ပုဂံလည်း များတယ်။ အခုဆိုရင် တောင်ကြီးတို့ ဟိုဘက်တို့ ပွဲတွေရှိနေတဲ့အတွက် အဲဒီဘက်ကိုလည်း များသွားနိုင်တာပေါ့။ မျှပြီးတော့လေ။ ဒီဘက်ကကျတော့ အဓိကက လေယာဉ်နဲ့ပဲ အများအားဖြင့် လာကြတာကိုး" ဟု ၎င်းက ပြော သည်။

မကြာခင်ကျရောက်မည့် တန်ဆောင်တိုင်ပိတ်ရက်တွင် ပြည်တွင်းခရီးသွားများ သွားလာမှုတွင် တည်ငြိမ် အေးဆေးပါက ခရစ္စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပြည်တွင်းခရီးသွားလားမှု ပိုမိုများပြားလာနိုင်မည်ဟု ခရီးသွားလုပ်ငန်းရှင်များက ခန့်မှန်ထားသည်။