CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

ရွှေတိဂုံဘုရားသို့ ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ဘုရားဖူးလာရောက်သူ နှစ်သိန်းကျော် ရှိကာ ပုံမှန်ရက်များထက်များပြားကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ CNI သတင်းဌာနသို့ ပြောသည်။

ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က “မနေ့က လူလာတာတောင်မှ နှစ်သိန်းခွဲကျော်တယ်။ နှစ်သိန်း ငါးသောင်းနဲ့ ခုနှစ်ထောင်ကျော်တက်တာ။ များတယ်။ မနက်မိုးလင်းကတည်းက ပြည့်နေတာ။ ညနေ အထိပဲ” ဟု ပြောသည်။

ဘုရားဖူးများအား မြင်တွေ့ရစဉ် (ဓါတ်ပုံ - CNI)

ထို့အပြင် ဇူလိုင် ၁၂ ရက်နေ့က ရွှေတိဂုံဘုရားတွင် ဗုံးပေါက်သည်ဆိုသည်မှာ အမှားသာဖြစ်ကြောင်းနှင့် ရွှေတိဂုံ ဘုရားတွင် ဇူလိုင် ၁၂ ရက်နေ့ (ဝါဆိုလပြည့်နေ့)၌ အေးအေးဆေးဆေးသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က “ဒါကတော့ ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်နေ့မှာ ဘုရားကို သွားတာ၊ လူစည်ကားတာမကြိုက်တဲ့ လူတစ်စုကနေပြီးတော့ ဒါ လုပ်တဲ့သဘောပဲ။ ဒါ ဘုရားကိုတားမြစ်တာ အရမ်း အကုသိုလ်များတာပေါ့နော်။ အကုသိုလ်ကြီးတာပေါ့။ ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ပွဲတော်ရက်တွေ ဘာတွေမှာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လူတွေ မသွားရဲ မလာရဲအောင် လုပ်တဲ့သဘောက အကုသိုလ်များတာပေါ့” ဟု ပြောသည်။

ဇူလိုင် ၁၂ ရက်နေ့ (ဝါဆိုလပြည့်နေ့)က ရွှေတိဂုံဘုရားတွင် ဗုံးပေါက်သည်ဆိုသည့် အကြောင်းအရာနှင့် ပတ်သက် ၍ သတင်းအမှား ဖြန့်ဝေမှု အများအပြားရှိခဲ့သည်။