CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

မနက်ဖြန် (ဇူလိုင် ၁၉ ရက်) ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား၏ အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ် တို့ကို ပိတ်ထားမည်ဖြစ်ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။

အာဇာနည်နေ့သို့ လာရောက် ဂါဝရပြုကြမည့် ပြည်သူလူထုများ ယာဉ်လမ်းကြောင်း ရှင်းလင်းစေရန်အတွက် အထက်ပါ မုခ် နှစ်ခုကို ယနေ့ (ဇူလိုင် ၁၈ ရက်) နေ့လယ်မှ မနက်ဖြန် (ဇူလိုင် ၁၉ ရက်) အာဇာနည်နေ့ တစ်နေ့လုံးအထိ ပိတ်ထားမည်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့မှ ပြန်လည် ဖွင့်လှစ်မည်ဖြစ်သည်။

အရှေ့ဘက်မုခ် ရွှေတိဂုံဘုရားကို မြင်တွေ့ရစဉ်

ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ဦးဋ္ဌေးလှိုင်က “အရှေ့ဘက်မုခ်နဲ့ မြောက်ဘက်မုခ်ကို ပိတ်တာ။ အာဇာနည်လမ်း ပိတ်တယ် ဆိုတော့ အ‌ရှေ့ဘက်က ပိတ်လိုက်တာ။ အနောက်နဲ့ တောင်နဲ့က လာလို့ရတယ်။ ဒီနေ့ နေ့ခင်းကတည်းက ပိတ်ထားတာ။ ပိတ်လိုက်ပြီ။ အ‌ရှေ့ဘက်နဲ့ မြောက်ဘက် တစ်နေ့လုံး အဝင်အထွက်တွေ ရှိတာကိုး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဘုရာဖူး ပြည်သူများ အနေဖြင့် အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်မှ တဆင့် သွားရောက် ဖူးမျှော်နိုင်သည်။