CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်သို့ ယခုနှစ် တန်ဆောင်တိုင်ပွဲတော် ၇ ရက်အတွင်း ခရီးသွား ၅ သောင်းခန့် ဝင်ရောက်ခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ‌ပြောသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ကိုဗစ်မတိုင်ခင်ကာလအတိုင်း ပြန်လည်စည်ကားလာသဖြင့် ကောင်းမွန်သည့် ရလဒ် တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “၂၁၊ ၂၂၊ ၂၃ အဲဒီဝန်းကျင် လောက်ကတော့ ဒီမှာရှိတဲ့ ဟိုတယ်၊ တည်းခိုးခန်းတွေရဲ့ ၃ ပုံ ၂ ပုံလောက် ဝင်ရောက်ခဲ့ပါတယ်။ ၂၄၊ ၂၅၊ ၂၆၊ ၂၇ အဲဒီ ၄ ရက်ကိုတော့ ဧည့်သည် အပြည့်အလျှံပေါ့။ တောင်ကြီးတစ်ခုတည်းမဟုတ်ပါဘူး။ ကလောဧရိယာမှာလည်း ဧည့်သည်တွေပြည့်တယ်၊ ညောင်ရွှေဆိုရင်လည်း ၅၀ ရာခိုင်နှုန်းလောက် ရတယ်ပေါ့။ မနှစ်ကတော့ တကယ် လည်းပြောရင် မလုပ်ဖြစ်လိုက်ဘူးလေ လုပ်တယ်ဆိုတာကလည်း အဖြစ်လောက်ပဲ လုပ်တာဆိုတော့ ကိုဗစ် မတိုင်ခင်နဲ့ နှိုင်းယှဉ်တာက ပိုကောင်းမယ်ထင်ပါတယ်။ ၂၁၊ ၂၂၊ ၂၃ ကတော့ ကိုဗစ်မတိုင်ခင် အခြေအနေကို မမီဘူးပေါ့။ ၂၆ နဲ့ ၂၇ ကတော့ ကွင်းတစ်ကွင်းလုံး ပြည့်လျှံပြီးတော့မှ လူတွေ ကြက်ပျံမကျ ပြောရမှာပေါ့ အရင် တုန်းက ပုံစံအတိုင်း ကိုဗစ်မတိုင်ခင်က အခြေအနေအတိုင်းပဲ ပြန်ပြီး စည်ကားလာပါတယ်” ဟု ပြောသည်။

၁၃၈၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပွဲတော်တွင် မီးပုံးလွှတ်တင်မှုများကို အဝေရာကုန်းသာယာကုန်းပေါ်မှ မြင်တွေ့ရစဉ်

Covid-19 ကပ်ရောဂါကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ၂၀၂၀ ခုနှစ်က ရပ်နားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ အဖြစ် သဘောဖြင့်သာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ ပြီးခဲ့သည့်နှစ် တန်ဆောင်တိုင်ပိတ်ရက်၌ ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးခဲ့ကြောင်း၊ ယခုနှစ်တွင် ကိန်းကဏန်းအတိအကျ မသိရသေးသော်လည်း ယခင်နှစ်ထက် ပို၍ များပြားလာကြောင်း ပုဂံရှေးဟောင်း သုတေသနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ကမ်းခြေဒေသများတွင်လည်း ခရီးစဉ်များ၊ ဟိုတယ်ဘိုကင်ယူထားမှုများကို ဖျက်သိမ်းခဲ့ကြသဖြင့် ခရီးသွားဦးရေ မှာ အနည်းငယ် လျော့ကျသွားသော်လည်း ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက များပြားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ယခုနှစ် တန်ဆောင်တိုင်၌ ခရီးသွား အများအပြား ပိုမိုလာရောက်မည်ဟု မျှော်မှန်းထားကြခြင်းဖြစ်သည်။

သို့သော် နယ်မြေမတည်ငြိမ်မှုများကြောင့် ခရီးစဉ်များအား ပြန်လည်ဖျက်သိမ်းမှုများရှိသဖြင့် ယခုနှစ် တန်ဆောင်တိုင်ပိတ်ရက်တွင် အချို့ခရီးသွားဒေသများ၌ ခရီးသွားအများအပြား ဝင်ရောက်သော်လည်း မျှော်မှန်းထားသည်ထက် နည်းပါးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်း ဟန်က CNI သတင်းဌာနသို့ ပြောသည်။

၁၃၈၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပွဲတော်သို့ လာရောက်ကြည့်ရှုကြသူများဖြင့် စည်ကား

“မူလ မျှော်မှန်းထားတာထက်တော့ အများကြီး နည်းသွားပါတယ်။ မူလကတော့ ပြည်တွင်းခရီးစဉ်တွေ အများကြီး စီစဉ်ထားတာတွေ ရှိတယ်။ ကားတွေကြိုပြီး ငှားထားတာတွေရှိတယ်။ အဲဒါတွေ အကုန်လုံး ခရီးစဉ်တွေ ဖျက်သိမ်း သွားတာမျိုးတွေ တွေ့ရပါတယ်။ ခရစ္စမတ်နဲ့ New Year အတွက်ကို အရမ်းကြိုတင်ပြင်ဆင်ထားတာမျိုးတော့ မရှိသေးဘူး။ အခုလောလောဆယ် တန်ဆောင်တိုင်ပိတ်ရက်မှာ ဖြစ်သွားတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အခုထိအောင် ဖြေရှင်းနေကြတုန်းပဲ ရှိသေးတယ်ပေါ့။ ခရီးသွားကုမ္ပဏီများ အချို့လည်း ဆုံးရှုံးမှုတွေ တော်တော် များများ ဖြစ်သွားတယ်။ ဟိုတယ်တွေလည်း ဆုံးရှုံးမှုတွေ ဖြစ်တယ်။ ကြိုတင်ပြီးတော့ ဘိုကင်တင်ထားပေမယ့် cancel ဖြစ်သွားတယ်။ အချို့ဟာတွေဆိုလည်း ခရီးသွားကုမ္ပဏီ အချို့က ကြိုတင်ပေးချေထားတာတွေရှိတယ်။ ပေးချေထားပေမယ့် တကယ်တမ်း ခရီးစဉ် ဖျက်သိမ်းသွားတဲ့အခါကြတော့ မသွားဖြစ်လိုက်ဘူးပေါ့” ဟု ပြောသည်။

ထို့အပြင် လာမည့် ဒီဇင်ဘာ ရုံးပိတ်ရက်အတွက် လတ်တလောတွင် ဟိုတယ်ဘိုကင်ယူထားမှုများ မတွေ့ရ သေးကြောင်းလည်း သိရသည်။

၎င်း ဒီဇင်ဘာပိတ်ရက်၌လည်း ချောင်းသာ၊ ငွေဆောင်၊ ပုဂံ၊ တောင်ကြီး၊ ကလော၊ မန္တလေး စသည့် ဒေသများ သို့သာ ခရီးသွားလာမှုများ ရှိနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်း ဟန်က ပြောသည်။

ပြည်ပခရီးသွားများအနေဖြင့်လည်း ထိုင်းနိုင်ငံမှဝင်ရောက်သည့် ခရီးသွားများမှာ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၁၀၀ မှ ၂၀၀ ကြားတွင်ရှိကြောင်း၊ တရုတ်နှင့် အိန္ဒိယခရီးသွားများမှာလည်း ရာခိုင်နှုန်း ပြန်တက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။