CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရခြင်းကြောင့် မိုးစပါးများ ရိတ်သိမ်းရာတွင် တောင်သူများ အခက်တွေ့နေကြောင်း ရခိုင်တောင်သူများထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ်သို့ အဝင်အထွက် ရေလမ်း၊ ကုန်းလမ်းအားလုံးကို ပိတ်ထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၌ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေသည်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရင့်မှည့်ပြီး စပါးများ ရိတ်သိမ်းမည့် တောင်သူများ အခက်အခဲ ဖြစ်နေကြောင်း၊ လာမည့် ရက်သတ္တပတ်အတွင်း စက်သုံးဆီများ မရရှိပါက စိုက်ပျိုးထားသော မိုးစပါးများအားလုံး ပျက်စီးဆုံးရှုံး သွားနိုင်သည်ဟု ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးသန်းဝင်းဆွေက CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများကို တွေ့ရစဉ်

၎င်းက “ကျောက်တော်ဘက်မှာလည်း ဒီအတိုင်းပါပဲဗျာ။ စက်ကတော့ ရှိတယ်။ ရိတ်မယ့်လူကလည်း ရှိတယ်။ ဒါပေမယ့် ဆီမရှိလို့ စက်တွေက နားထားတာတွေ အများကြီးရှိတယ်။ ဒါပေမယ့် စပါးက အချိန်ကလည်း လွန်နေ ပြီဆိုတော့ ပြဿနာက တက်မှာပါ။ လူနဲ့ကတော့ ရိတ်မယ်ဆိုလည်း စရိတ်က လွယ်မှာ မဟုတ်ဘူး။ စက်နဲ့ လည်း အခု ဒီနှစ်က တစ်ဧကဆိုရင် ၂ သိန်းလောက် ရှိမှာ။ အရင်တုန်းက တစ်ဧကကိုမှ ၇ သောင်း၊ ၈ သောင်းပဲ ရှိတာ။ ဒါပေမယ့် ဆီရရင်တော့ ၁ သိန်းခွဲလောက် ရိတ်မယ့်လူလည်း ရှိတာပေါ့။ ဒါပေမယ့် စပါးဆိုတာကလည်း လက်နဲ့ ရိတ်မယ်၊ ပြောင်းမယ်၊ ရွှေ့မယ်ဆိုရင်လည်း မလွယ်ဘူး ဒီဘက်မှာက။ နောက်တစ်ခုက စပါးဈေးကလည်း အဆင် မပြေဘူး။ စပါးကလည်း လမ်းတွေဘာတွေ အကုန်ပိတ်ထားတယ်ဆိုတော့ စက်သမားတွေကလည်း စပါးဝယ်တဲ့ အချိန်မှာ ဈေးကလည်း နိမ့်တယ်။ နောက်တစ်ခုက ငွေလည်း အဆင်မပြေဘူး၊ အဲဒီလို ဖြစ်နေကြတာ တောင်သူ တွေက။ စပါးတွေကတော့ အကုန်လုံး ကျန်မှာ ကျန်တဲ့ဘက်ကို များပါတယ်။ ဒီအတိုင်းအတာနဲ့ဆိုတော့ ဆီက နောက် ၁ ပတ်၊ ၁၀ ရက် အတောအတွင်းမှာ မရဘူးဆိုရင် စပါးတွေက အကုန်လုံး ဆုံးရှုံးသွားမှာ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စက်သုံးဆီ ဈေးနှုန်းသည် ယခင်က တစ်ပေပါလျှင် ၆ သိန်းကျပ်သာ ရှိသော်လည်း လက်ရှိ တွင် ၁၂ သိန်းမှ ၁၃ သိန်းကြား ရှိနေကြောင်း၊ သို့သော်လည်း ဝယ်ယူမရသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု သိရသည်။

တောင်သူများကို တွေ့ရစဉ်

စပါးများကို အချိန်မီ မရိတ်သိမ်းနိုင်ပါက စပါးများသည် လယ်ကွင်းထဲတွင် ပျက်စီးသွားမည်ဖြစ်ကြောင်း၊ ရိတ်သိမ်း ချိန်လွန်မှ ရိတ်သိမ်းနိုင်ပါက ထိုစပါးများသည် ကြိတ်ခွဲရာတွင် ဆန်အဆင့်သို့ မရောက်ရှိဘဲ ဆန်ကွဲများ ဖြစ်သွား မည်ဟု တောင်သူများက ပြောသည်။

ထိုသို့ စက်သုံးဆီ ပြတ်လပ်မှုကြောင့် တောင်သူများ စပါးရိတ်သိမ်းရန် အခက်အခဲ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စက်သုံးဆီ ကူညီဆောင်ရွက်ပေးရန်အတွက် တင်ပြတောင်းဆိုသွားရန် လုပ်ဆောင်နေကြောင်း ဓညဝတီ တောင်သူလယ်သမား အသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စက်သုံးဆီကိစ္စက ကျနော်တို့ တောင်သူတွေမှာ အခု လိုနေတာက တချို့စက်တွေက ဆီတစ်ပေပါ ရပြီဆို လို့ရှိရင် ၁ ရက်ရိတ်ရင် ကုန်ပြီ။ ဆီတစ်ပေပါက ၂ ရက်ဆို ကုန်ပြီ။ မရှိတော့ဘူး၊ ရပ်နေရတဲ့ စက်တွေ အများကြီး ဖြစ်နေပြီ။ စပါးက မှည့်နေပြီ၊ ရိတ်လို့ရနေပြီ။ ရိတ်လို့ရနေပြီဆိုပေမယ့် စက်တွေက အကုန်လုံး မဆင်းနိုင်ဘူး။ မဆင်းနိုင်တော့တဲ့အတွက် စပါးတွေက အချိန်မီ ရိတ်ဖို့ဆိုတာ ဒီအတိုင်းဆိုရင် တော်တော် အခက်အခဲ ရှိပါတယ်။ ဒီလိုမျိုး တစ်ခုခု၊ ပုံစံ တစ်မျိုးမျိုးနဲ့ ရဖို့ အထူး လိုအပ်ချက် ရှိပါတယ်။ ကျနော်တို့တောင်သူ အဖွဲ့အစည်းတွေက လည်း ပြည်နယ်ဝန်ကြီးချုပ်ဆီမှာ ရိတ်စက်တွေကို စက်သုံးဆီ ချပေးဖို့ တင်ပြတောင်းဆိုဖို့ လုပ်နေပါတယ်။ အစိုးရအဖွဲ့က တစ်ခုခု မကူညီဘူးဆိုလို့ရှိရင် တောင်သူတွေအတွက်ကတော့ အကုန်လုံး အောင်မြင်ဖြစ်ထွန်းနေတဲ့ စပါးတွေ ပျက်စီးဆုံးရှုံးမှာကတော့ သေချာသလောက် ဖြစ်နေပြီ” ဟု ပြောသည်။

ထို့နောက် တချို့သော စပါးခင်းများသည် ရိတ်သိမ်းချိန် တန်နေပြီဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရိတ်သိမ်း၍ မရကြောင်း၊ တချို့သော စပါးခင်းများသည် တပ်စခန်းများအနီးတွင် ရှိနေခြင်းကြောင့် ရိတ်သိမ်းခွင့် မရသည်များလည်း ရှိနေသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးမှုသည် ဧက ၁၁ သိန်းမှ ၁၂ သိန်းကြားတွင် ရှိနေပြီး စပါးအများဆုံး စိုက်ပျိုးရာ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များသည် ပို၍ ပျက်စီးဆုံးရှုံးမှု ရှိမည်ဖြစ်သည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်းတွင် ဆန်မလုံလောက်မှု ပြဿနာနှင့် ကြုံတွေ့လာနိုင်ကြောင်း ထောက်ပြကြ သည်။

ထို့အပြင် လက်ရှိ မိုးစပါးများ မရိတ်သိမ်းနိုင်ပါက မိုးစပါးများ ပျက်စီးဆုံးရှုံးမည့်အပြင် ဆောင်းသီးနှံများ စိုက်ပျိုး ရန်အတွက်လည်း အခက်အခဲ ဖြစ်သွားမည်ဖြစ်ကြောင်း၊ အလားတူ လာမည့် မိုးစပါးစိုက်ရာသီတွင် တောင်သူများ က စပါးစိုက်ပျိုးခြင်းကို စွန့်ခွာလာကြတော့မည် ဖြစ်သည်ဟု တောင်သူများက ပြောသည်။