CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် အေအေနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လမ်းကြောင်းများအား ပိတ်ထားသဖြင့် လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ဆန်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ ရေလမ်း၊ ကုန်းလမ်း အဝင်အထွက် အားလုံးကို ပိတ်ထားသဖြင့် ဆန်လက်ကျန် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့နယ်၌ သိုလှောင်ထားသည့် ဆန်ပမာဏသည် တစ်ပတ်စာသာ ကျန်ရှိတော့သဖြင့် မြောက်ဦးမြို့မှတဆင့် ဆန်ကို ရေလမ်းကြောင်းမှ သယ်ယူခွင့်ရရှိရေး ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ကုန်သည်များက ပြည်နယ်ကောင်စီထံ တင်ပြထားကြောင်း ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ သိရသလောက်ကတော့ အဓိက စစ်တွေပေါ့နော်၊ စစ်တွေရယ်၊ ကျောက်ဖြူရယ် ကြားတာပဲ။ ကျနော်တို့ မြောက်ဦးဘက်မှာတော့ ဆန်ပြတ်လပ်တာ မရှိဘူး။ ဒီနေရာမှာက ဆန်စပါး ထုတ်လုပ်တဲ့နေရာ ဖြစ်တဲ့အတွက်လေ။ ကျနော်တို့ ပြောသံကြားတာ စစ်တွေမှာ တစ်ပတ်စာလောက်ပဲ ရှိတယ် ကြားရတယ်။ ကျောက်ဖြူမှာလည်း ပင်လယ်ပြင်ကလည်း သွားလို့လာလို့ မရလို့ဆိုတာနဲ့ ကုန်းလမ်းတွေကလည်း ပိတ်ထားတဲ့ အခါမှာ ကျောက်ဖြူက စပါးထွက်တဲ့နေရာ မဟုတ်ဘူးလေ။ အဲဒီနေရာမှာ နည်းနည်း ပြတ်လပ်နေတယ်။ စစ်တွေ မှာရှိတဲ့ ဆန်စက်အသင်းဥက္ကဋ္ဌတို့၊ ကုန်သည်များအသင်း ဥက္ကဋ္ဌတို့က စစ်တွေမှာ ဆန်တစ်ပတ်စာလောက်ပဲ ရှိတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း တင်ပြထားတယ်။ နောက်တစ်ခါ အဲဒီမှာ ရိက္ခာပြတ်လပ်မှု မရှိစေရေး အတွက် ကျနော်တို့ မြောက်ဦးမြို့နယ်က ဆန်သယ်ယူခွင့်ပါမစ်ကို လျှောက်ထားတယ်လို့ ကြားရတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် အခြေခံလူတန်းစားများအား လှူဒါန်းမည့် ဆန်ထုပ်များကို တွေ့ရစဉ်

လက်ရှိတွင် ပေါ်ဆန်းမွှေး ၁ သိန်း ၃ သောင်း ကျပ် ဖြစ်ပေါ်နေပြီး တချို့သော ဆန်ဆိုင်များက ဆန်ရောင်းချမှု များကို ရပ်နားထားခြင်းကြောင့် ဝယ်ယူ၍ မရဖြစ်နေသည်ဟု စစ်တွေမြို့ ဒေသခံများက ပြောသည်။

စစ်တွေမြို့နယ်ရှိ ငွေကြေးတတ်နိုင်သည့် ဒေသခံအများစုသည် တိုက်ပွဲများ ဖြစ်ပွားချိန်၌ ဆန်ကို ကြိုတင် ဝယ်ယူစုဆောင်းထားကြသော်လည်း လက်ရှိတွင် ဆန်များသည် ၃ ပတ်စာမှ ၁ လစာအထိသာ ကျန်ရှိ တော့ကြောင်း သိရသည်။

စစ်တွေဒေသခံ ဦးစိုးနိုင်က “စစ်တွေဘက် ဆန်ဆိုင်တွေကတော့ ဆန်ရောင်းဖို့ မရှိတော့ဘူးလို့ ကြားတာပဲ။ ဒါပေမယ့် တော်တော်များများကတော့ နည်းနည်း ဆန်ကြိုစုထားတာတွေ ရှိတယ်။ နောက်ပြီးတော့ စပါးလည်း ပေါ်နေပြီလေ။ ဘာပဲဖြစ်ဖြစ်ပေါ့ တစ်နည်းနည်းနဲ့တော့ ရောက်လာမယ်ဆိုပြီးတော့ ယုံကြည်နေကြတယ်။ အခု ဆန်ရှားတယ်ဆိုတာ လမ်းပန်းဆက်သွယ်ရေးကြောင့် ရှားတာ။ ဒီနှစ်က စပါးအထွက်ကောင်းတယ်လို့ ကြားတယ်။ နောက်ပြီးတော့ နယ်တွေမှာလည်း စပါးတွေက ပေါ်စပြုနေပြီ။ အဓိက သယ်ယူပို့ဆောင်လို့ ရတယ်ဆိုရင် ဒါကတော့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေတာပေါ့” ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့မှတဆင့် ကျောက်ဖြူမြို့နယ်သို့ ကုန်စည်တင်ပို့နေသည့် ကုန်ကားများသည် လမ်းကြောင်းတွင် ပိတ်မိနေခြင်းကြောင့် ကျောက်ဖြူမြို့နယ် တွင်လည်း ကုန်စည်ပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟု သိရသည်။

လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူအပြင် တချို့သော မြို့နယ်များသည် ကုန်စည်ပြတ်လပ်မည့် အခြေအနေနှင့် ကြုံတွေ့လာနိုင်ကြောင်း၊ ကုန်စည်စီးဆင်းသည့် လမ်းကြောင်း ပိတ်ထားမှုကြောင့် လမ်းကြောင်းတွင် ပိတ်မိနေသော ကုန်တင်ကားများကို ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ခွင့်ပြုရန်အတွက် ဒေသခံများက မျှော်လင့်နေကြသည်။