CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများတွင်  လုပ်ငန်းလည်ပတ်မှု အားနည်းလာပြီး ကုန်စည်စီးဆင်းမှုများ ထိခိုက်မှုရှိလာ၍ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပြတ် လပ်မှုများ ပြည်သူလူထု အနေဖြင့် ကြုံတွေ့လာနေကြသည်။

ထိုသို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ကျဆင်းလာခြင်းကြောင့် ရန်ကုန် အပါအဝင် ဒေသ အသီးသီးတွင် ကုန်စည်ရောက်ရှိမှုသည် ယခင်ကထက် လျော့ကျလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့် ကြုံတွေ့နေရသည်။

ကုန်စည်စီးဆင်းမှု အခြေအနေသည် ယခုကဲ့သို့ ဆက်လက်၍ ထိခိုက်နေမည်ဆိုပါက ကုန်ဈေးနှုန်း မြင့်တက်မှု၊ တိုင်းပြည်စီးပွားရေး ကျဆင်းမှုနှင့် ဒေသတွင်း ဒုစရိုက်မှုများ တိုးလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်စည်စီးဆင်းမှုကတော့ နံပါတ် ၁ လားရှိုး - မူဆယ် - မန္တလေးလမ်းကြီးက မရသေးဘူးလေ။ နောက်ပြီး တော့ ရခိုင်ဘက် သွားတဲ့လမ်းတွေက ပိတ်နေတယ်။ နောက် ကယားဘက် သွားလို့မရသေးဘူး။ မြဝတီဘက်ပဲ သွားလို့ရတယ်။ ကျန်တဲ့နေရာတွေကလည်း ဒေသအလိုက် အတားအဆီးတွေက ရှိနေတာ။ ဆိုတော့ ဘာပဲပြော ပြော ကုန်စည်စီးဆင်းမှုက အားနည်းသွားရင် ကုန်ဈေးနှုန်း တက်လာမှာလေ။ ကုန်ဈေးနှုန်း တက်လာရင် ပြည်သူ တွေ ခံရမယ်။ နောက်ပြီးတော့မှ တိုင်းပြည်ရဲ့ စီးပွားရေး ကျသွားမယ်။ ကုန်စည်ဖလှယ်မှု မလုပ်နိုင်ရင် ကျသွား မယ်။ မနေ့ကလည်း ကုန်ကားတွေ အစီး ၂၀၀ လောက် ကျင်စန်းကျော့မှာ မီးရှို့ခံရတယ်။ ဒါတွေက ကုန်စည် စီးဆင်းမှုနဲ့ ဆက်စပ်နေတာပဲလေ။ လောလောဆယ် ဆင်းလို့မရလို့ ရပ်ထားတယ် ထားအုံးတော့ မီးရှို့တယ်ဆို တော့ ဒါ အဖျက်အမှောက်တွေက တိုင်းပြည်ကို ထိခိုက်အောင် လုပ်နေတာပဲ။ ဒါ အစိုးရပိုင် မဟုတ်တော့ဘူးနော်၊ ပြည်သူပစ္စည်းတွေ၊ ဒါတွေမလုပ်ရဘူး။ တိုင်းပြည်စီးပွားရေး မကောင်းရင် ငတ်လာရင် လူတွေက ကိုယ့်ရဲ့ အငတ် တရားကို ဖြေရှင်းဖို့နည်းလမ်း သုံးရင် သုံးလာမှာပဲလေ။ ဒါဆိုရင် ရာဇဝတ်ဘေးတွေ တိုးလာမှာပေါ့နော်။ ဒုစရိုက် တွေ တိုးလာမယ်၊ အဲဒါတွေကတော့ ဖြစ်လာမှာတော့ မလွဲမသွေပဲ။ နိုင်ငံတော်အနေနဲ့လည်း အမြန်ဆုံး စစ်ပွဲတွေ ပြီးစီးအောင် လုပ်ပြီးတော့ ဒေသတည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံး တည်ဆောက်ပြီးတော့မှ ကုန်စည်စီးဆင်းမှု ကို အမြန်ဆုံး ကူညီဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က ကျင်စန်းကျော့ ဂိတ်မှာ ကုန်တင်ကားများ မီးလောင်နေစဉ်

လက်ရှိတွင် ဒေသတွင်း ကုန်စည်စီးဆင်းမှု လမ်းကြောင်းသည် မြဝတီ၊ မန္တလေး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တို့သာ အဓိက သွားလာနေရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း စသည့် ဒေသများမှာတော့ တိုက်ပွဲများ ဖြစ်ပွားနေ၍ နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ကုန်စည် စီးဆင်းမှုသည် ရပ်တန့်လုနီးပါး ဖြစ်ပေါ်နေသည်ဟု သိရသည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေခြင်း ကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ကုန်စည်စီးဆင်းသည့် လမ်းကြောင်း အားလုံးကို ပိတ်ထား သည်။ 

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် ပြတ်လပ်မှုများ ကြုံတွေ့နေခြင်းကြောင့် စပါးရိတ်သိမ်းမည့် တောင်သူများ အခက်တွေ့နေသည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမား အသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘာဖြစ်လဲဆိုတော့ ၁၃ ရက်နေ့ကတည်းက လမ်းတွေက ပိတ်ထားတာကိုး။ လမ်းပိတ်တော့ လူတွေလည်း သွားလာလို့မရ၊ ဆီတွေလည်း တချို့ဆီတွေ ကုန်နေတယ်ဆိုရင်လည်း ဈေးတင် ရောင်းချလာတာတွေလည်း ပါ တယ်။ ပြတ်တဲ့အချိန်နဲ့ တိုက်ဆိုင်တာတွေရော ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

ဝယ်လို့ကို မရတဲ့ အနေအထားတွေ ဖြစ်နေတယ်။ ဆီ တစ်ပေပါကို ၁၂ ရက်နေ့ကဆိုလို့ရှိရင် ၅၄၀,၀၀၀၊ ၅၅၀,၀၀၀ ပရီမီယံ တစ်ပေပါကို အဲဒီလောက် အနေအထားက အခု ၈ သိန်းနဲ့ ရှာမရဘူး။ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်တဲ့အတွက် ကျနော်တို့မှာ စပါးကလည်း ရိတ်ဖို့အချိန် တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်တော့ တောင်သူတွေက အဲဒီအချက်ကို တော်တော် စိုးရိမ်နေကြတယ်။ စက်ပိုင်တွေ မှာလည်း စက်ရှိလို့ ဆီမရှိတဲ့ အနေအထား ဖြစ်နေတယ်။ တကယ်လို့များ ဒီလိုအခြေအနေနဲ့သာ ဆက်သွားမယ်ဆို လို့ရှိရင် လယ်တစ်ဧကကိုက ၁ သိန်းခွဲ၊ ၂ သိန်းလောက်အထိ ရှိသွားမှာ ရိတ်စရိတ်ကလေ။ ဒီထက်ပိုပြီးတော့ ဈေး ကြီးလာရင် ဒီထက်ပိုပြီးတော့ တက်အုံးမှာ။ အဲဒါနဲ့ ရိတ်ခြွေစရိတ်က လယ်သမားတွေအတွက် တော်တော့်ကို စိန်ခေါ်မှု ဖြစ်နေတယ်။ လယ်ယာကဏ္ဍအတွက် စက်သုံးဆီ တစ်ခုရယ်လို့ မဟုတ်ဘူး စားသောက်ကုန်တွေကအစ တခြားအကြောင်းအရာတွေ၊ လူသုံးကုန်တွေ အကုန်လုံးကို ဈေးတက်ကုန်ပြီလေ။ ငရုတ်သီး တစ်ပိဿာ ဆိုရင် လည်း မြောက်ဦးမှာ ၄ သောင်း ဖြစ်နေပြီ” ဟု ပြောသည်။

ဒေသတွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတချို့သည် မိုးတွင်းကာလတွင် ရပ်နားထားရပြီး ပွင့်လင်းရာသီ ရောက်ရှိချိန်တွင် ပြန်လည်၍ လည်ပတ်နိုင်သည်။

သို့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသအများစုသည် တည်ငြိမ်မှု မရှိသေးခြင်းကြောင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများမှာ အပြည့်အဝ မလည်ပတ်နိုင်သေးကြောင်း သိရသည်။