CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ၏ လိုင်စင်အာမခံကြေးအား ယခင်နှုန်းထားထက်  ၃ ဆခန့် တိုးမြှင့်မည့်အစား သိန်း ၅၀ စီသာ တိုးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ပြောင်းလဲသတ်မှတ်လိုက်သည့် လိုင်စင်အာမခံကြေးနှုန်းထားနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လပ်ကီးပြည်ပ အလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “၅၀ စီပဲ တိုးတယ်လေ။ တက်ရောက်လာတဲ့ ဝန်ကြီးကလည်း သူကပြေလည်မှုကို ညှိနှိုင်းပေးတော့ အရင် ၂၅၀ က ၃၀၀ ဖြစ်သွားမှာပေါ့။ ထိုင်းက ၅၀ ကနေ ၁၀၀ ဖြစ်သွားမယ်။ သိန်း ၅၀ စီပဲတိုးသွားတယ်။ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဖြစ် သွားတာပေါ့။ ကောင်းပါတယ် ဒီလောက် ၅၀ လောက်ကတော့ အိုကေ ကြမှာပါ။ အသစ်တွေအတွက် အမှန်မှန်မှာ ကတော့ ဦးစားပေးတာပေါ့။ ကုမ္ပဏီအသစ်တွေက အများကြီး လိုင်စင်တွေ ထုတ်ပေးထားတာကို။ ဒီဘက်က MOEAF ဘက်ကလည်း တင်ပြတယ်လေ။ လုပ်ငန်းတွေ အဆင်မပြေတာတွေ၊ အခက်အခဲ ဖြစ်တာတွေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အလုပ်သမားကတ်ထုတ်ပေးရေးရုံးကိုတွေ့ရစဉ်

အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်များအနေဖြင့် အာမခံကြေး ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁၀၀၀ နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် (ထိုင်း)လိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ တိုးမြှင့်ကောက်ယူရန် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) သို့ သဘောထား တောင်းခံထားခြင်း ဖြစ်သည်။

ထိုပမာဏမှာ များပြားလွန်းသဖြင့် MOEAF နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ယခု ကဲ့သို့ သိန်း ၅၀ စီသာ တိုးမြှင့်ကောက်ယူရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနမှ လိုင်စင်ချပေးထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ အရေအတွက်မှာ ၅၀၀ နီးပါးရှိနေပြီး ပို၍ ပေါများလာကာ သတ်မှတ်ထားသည့် စေလွှတ်လုပ်သားဦးရေ ပြည့်မီမှ သာ လိုင်စင်သက်တမ်း တိုးခွင့်ရသဖြင့် အဆင်မပြေမှုများရှိကြောင်းလည်း သိရသည်။

လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က “နောက်တစ်ခုကလေ လိုင်စင်တွေ အများကြီး ချပေးထားတယ်။ ဒီလိုင်စင်တွေ များလာတဲ့အပေါ်မှာ အေဂျင်စီတွေကနေ ဈေးကွက်ကို အလုအယက် လုရတာတွေရှိတယ်။ နောက် သတ်မှတ်လူဦးရေ မပြည့်မှာစိုးလို့၊ လိုင်စင်သက်တမ်း မတိုးရမှာ စိုးလို့ မတန်တဆ ဈေးနှုန်းတွေနဲ့ demand တွေကို ရယူတာတွေ၊ ဝယ်တာတွေ ဖြစ်လာကြတော့ သိပ်တော့ အဲဒါက မကောင်းဘူး ပေါ့နော်။ အဟောင်းတွေအတွက်က ခံသာပေမယ့် အသစ်တွေ အတွက်က ရုန်းကန်ရတာ မလွယ်ဘူး။ လူဦးရေ သတ်မှတ်ချက် ရှိနေတဲ့အတွက်။ နည်းနည်း စဉ်းစားစရာပေါ့နော်။ မလေးဆို ဘယ်လောက်၊ ထိုင်းဆို ဘယ်နှ ယောက်၊ ဂျပန်ဆို ဘယ်နှယောက်၊ စင်္ကာပူ ဘယ်နှယောက်၊ အရှေ့အလယ်ပိုင်းဆို ဘယ်နှယောက် အဲဒါမျိုး ပြည့်မီအောင် လုပ်ပေးနိုင်ရင် လိုင်စင်သက်တမ်းတိုးမယ်။ ပြည့်မီအောင် မလုပ်ဘူးဆိုရင် လိုင်စင်သက်တမ်း တိုးတာကို လျှော့ချမယ်။ နောက်တစ်ခေါက်ဆိုရင် အရေးယူတယ် လိုင်စင်ပိတ်သိမ်းတဲ့ အထိ ကြေညာထား ပြီးသား စာထွက်ပြီးသားရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပထွက်မည့် အလုပ်သမားများကိုတွေ့ရစဉ်

ယခုသတ်မှတ်လိုက်သည့် နှုန်းထားသည် နည်းလွန်းသဖြင့် မမှန်မကန် လုပ်‌ဆောင်သော အေဂျင်စီများအတွက် သက်ရောက်မှု မရှိနိုင်ကြောင်း၊ အာမခံကြေး အများအပြား တိုးမြှင့်ကောက်ယူသင့်ကြောင်း၊ အာမခံကြေး တိုးသည်နှင့်တစ်ပြိုင်နက် လုပ်သားများထံမှ ဝန်ဆောင်ခစရိတ်ကိုပါ အေဂျင်စီများမှ တိုးမြှင့်ကောက်ယူခြင်း မျိုးမရှိစေရန် ဝန်ကြီးဌာနမှ အထူးကြပ်မတ်သင့်ကြောင်း ထောက်ပြကြသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အေဂျင်စီများမှ တစ်စုံတစ်ရာ ချိုးဖောက်ခဲ့ပါက ၎င်းအာမခံကြေးအား ရန်ပုံငွေ အဖြစ် သိမ်းလိုက်ခြင်း၊ လုပ်သားများအား ပြန်လည်ပေးဆောင်ခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အစိုးရနဲ့ အေဂျင်စီတွေနဲ့က တိကျတဲ့ မူဝါဒတွေမရှိတော့ ပြဿနာတွေ အများကြီးရှိတယ်။ ပြဿနာက အေဂျင်စီ တော်တော်များများက လူရရှိရေးအတွက်ကိုပဲ ကြိုးစားပြီးမှ ခေါ်လာတဲ့ အေဂျင်စီကလာတဲ့ အလုပ် သမားတွေ အပေါ်မှာ တာဝန်ခံမှု တာဝန်ယူမှုက အားနည်းနေတယ်။ တတ်နိုင်ရင်တော့ အာမခံတွေက အများကြီး ယူနိုင်ရင်တော့ ပိုကောင်းတာပေါ့ သိန်း ၅၀ ဆိုတာက ဘာမှမဟုတ်တဲ့ အရာပေါ့။ အာမခံသွင်းတဲ့ဟာ နည်းတာ များတာကို များရင် အလုပ်သမားတွေဆီက ဖြတ်တာမလုပ်ဖို့ အရေးကြီးတာပေါ့။ တကယ်လို့ လုပ်လာမယ်ဆိုရင် လွတ်လွတ်လပ်လပ် တိုင်ကြားမယ့်နေရာလိုတယ်။ တိုင်ကြားမယ့် အလုပ်သမား တစ်ယောက်ချင်းစီကိုလည်း အာမခံပေးဖို့လိုတယ်။ ဒါတွေကိုလည်း ထိန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းပြီး လုပ်သားလျှော့ချခြင်းများ၊ အချိန်ပိုကြေး လျှော့ချခြင်းများ၊ လုပ်သားခေါ်ယူမှုနှုန်း နည်းပါးခြင်းများ ဖြစ်ပေါ်နေကြောင်းလည်း အေဂျင်စီများထံက သိရသည်။