CNI News

၂၀၂၂ ခုနှစ်၊ မေ ၂

ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့တွင် အထောက်အထားမဲ့ မြန်မာများ ဖမ်းဆီးခံထားရပြီးနောက် ပိုက်ဆံပေးမှ ပြည်တော်ပြန်အဖြစ် ပြန်လည်ပို့ပေးကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဖုတ်ဖရမြို့တွင် အထောက်အထားမဲ့ မြန်မာအမျိုးသမီးနှင့် ကလေးများ အပါအဝင် ၃၀၀ ခန့် အား ထိုင်း အာဏာပိုင်များမှ ဖမ်းဆီးထားကြောင်း သိရသည်။

ကိုသားကြီးက “သူတို့က ပြည်တော်ပြန်အဖြစ်နဲ့ ဖမ်းတယ်။ သို့‌သော်လည်း ဟိုဘက်မှာ မြန်မာက လက်မခံသေးဘူး ဆိုပြီး တော့ပဲ။ အရင်တုန်းက မြန်မာက အဲ့ဒီလို လက်မခံဘူးလေ ပြန်ပို့တာကို။ ထိုင်း လ.ဝ.က က ပြန်ပို့တာကို မြန်မာဘက်ခြမ်းက တံတား ၂ ဘက်က လက်မခံတော့ အဲ့ဒီသတင်းစကားနဲ့ပဲ အချုပ်သားတွေကို နှစ်သိမ့်ထားတာပေါ့။ ဆိုတော့ ဘယ်သူက ပိုက်ဆံ ၃၀၀၀၊ ၄၀၀၀ ဘတ် (မြန်မာငွေ နှစ်သိန်းကျော်) ပေးနိုင်လဲ။ ပေးနိုင်တဲ့လူ ထွက်သွားရတယ်။ အဲ့ဒီလိုတွေ ရှိတယ်။ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ ထိုင်းအစိုးရတွေကလည်း၊ ထိုင်းအာဏာပိုင်တွေကလည်း ဂုတ်သွေးစုပ်နေတယ် ရှင်းရှင်း ပြောရရင်။ ဆိုတော့ အလုပ်သမားရေးနဲ့ ပတ်သက်ပြီးတော့ စကစဘက်က ဝန်ကြီးဌာနကလည်း ဘာမှမလုပ်နိုင်ဘူး။ NUG ကလည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ အလုပ်သမားဝန်ကြီးဌာန ဘက်ကလည်း ဘာမှ ဒါကို တစ်စုံတစ်ရာ ကူညီပေးနိုင်တာ မရှိဘူး ဒီအချုပ်သားတွေနဲ့ ပတ်သက်ပြီး”ဟု ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် အထဲမှ တချို့သည် ဖမ်းဆီးခံထားရသည်မှာ ၄ လ၊ ၆ လခန့်ရှိပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖမ်းဆီးခံထားရသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၈၀၀၀ ကျော်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရထားရသည့် မြန်မာရွေ့ပြောင်းလုပ်သားများ

အဆိုပါ ဖမ်းဆီးခံထားရသူများ နေထိုင်သည့် အဆောင်များတွင် အမျိုးသမီးအဆောင်သည် ကျယ်ဝန်းသော်လည်း အမျိုးသားများ၏ အဆောင်မှာ ကျပ်ကျပ်တည်းတည်းဖြစ်နေကြောင်း၊ ၁၀ ပေပတ်လည် အချုပ်အခန်းကျဉ်းကျဉ်းလေးတွင် လူ ၃၀၊ ၄၀ ခန့်ထားထားကြောင်း၊ အိပ်ရန် နေရာမရှိကြောင်း သိရသည်။

ပြည်တော်ပြန်အဖြစ် ပြန်ပို့မည့် အလုပ်သမားများအား လွယ်လွယ်ကူကူ ပြန်ပို့နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိုင်း အာဏာပိုင်များအား ဖိအားပေးသင့်ကြောင်း ကိုသားကြီးက ပြောသည်။

ကိုသားကြီးက “ဥပမာ ဘယ်သူက ပိုက်ဆံပေးတယ်။ ဒီနယ်စပ်မှာဆိုရင် တစ်ယောက်ကို ၃၀၀၀၊ ၄၀၀၀ (ဘတ်ငွေ) ပေးရ တယ်။ ပိုက်ဆံမရှိတော့ သူငယ်ချင်းတွေဆီ ဖုန်းတွေငှားဆက်ပေါ့။ ပလိတ် တပည့်တွေ၊ စကားပြန်တွေနဲ့ ဖုန်းတောင်း ဆက် ပြီးတော့ ပိုက်ဆံတွေ လာပို့ခိုင်းပြီးတော့ အ‌ရွေးခံရတယ်။ အဲ့ဒီလို ပုံစံမျိုးတွေ ဖြစ်နေတာ။ ဒါက တကယ်တမ်းကျရင် မြေပြင် မှာ ဒီလိုဖြစ်နေတာကို ဝန်ကြီးဌာနတွေက တချို့တော့လည်း သိတယ်။ တချို့ကလည်း မသိဘူးပေါ့။ သို့သော်လည်း ထိရောက် တဲ့ အကူအညီကို ဘယ်ဌာနကမှ မပေးနိုင်ဘူး။ ကျနော် မြင်တာကတော့ နှစ်ဖက်ဝန်ကြီးဌာန တာဝန်ရှိသူတွေက သူတို့ရဲ့ အလုပ်ကို သူတို့ ထိထိရောက်ရောက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့လုပ်ဖို့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ နစ်နာတာ က ကိုယ့်နိုင်ငံသားတွေပဲ နစ်နာတာလေ”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရ သူများထဲမှ ဘတ်ငွေ ၄၀၀၀ ခန့် (မြန်မာငွေ နှစ်သိန်းကျော်) ပေးသူများအား မြန်မာဘက်သို့ ပြန်ပို့မည့် စာရင်းထဲသို့ ထည့်ပေးကာ ပိုက်ဆံ မပေးသူများအား ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။