CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၇

ထိုင်းနိုင်ငံမှ တရားမဝင် နေရပ်ခိုးပြန်သူများ၊ တရားမဝင် ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူများအနေဖြင့် ထိုင်းသို့ တရားဝင်လာရောက်ခဲ့ပါက ဝင်ခွင့်မပေးကြောင်း မြန်မာအလုပ် သမားအရေး ဆောင်ရွက်နေသူများထံက သိရသည်။

ထိုသူများသည် ထိုင်းနိုင်ငံသို့ အလည်ဗီဇာ (သို့မဟုတ်) MOU ဖြင့် လေကြောင်းလမ်းမှဖြစ်စေ ကားလမ်းဖြင့်ဖြစ်စေ လာရောက်ပါက အဝင်တွင် ထိုသူများ၏ လက်ဗွေအားစစ်ဆေးကြောင်း၊ လက်ဗွေပေါ်သူများအား ထိုင်းနိုင်ငံထဲသို့ ပေးမဝင်ဘဲ ပြန်လွှတ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“လက်ဆယ်ချောင်းလုံး နှိပ်ထားတာ။ မြန်မာနိုင်ငံသား ပတ်စပို့ ကိုင်ထားသူတွေ အကုန်လုံး လက်ဆယ်ချောင်းလုံးနှိပ်ပြီး ဝင်ရတာ။ နိုင်ငံကူး လက်မှတ် တစ်အုပ်မှာ သက်တမ်းက ၅ နှစ်ရှိတယ်။ MOU စနစ်နဲ့ ထိုင်းထဲကို ဝင်လာတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ဟာ တစ်ကြိမ်မှာ ဗီဇာသက်တမ်း ၂ နှစ်ရတယ်။ ၂ ကြိမ်တိုးရင် ၄ နှစ်ရတယ်။ ဒီ ၄ နှစ်၊ ၅ နှစ်အထိကို ဒီအလုပ် သမားရဲ့ လက်ဗွေက ထိုင်းထဲမှာရှိနေတယ် ပြန်မထွက်သွားမချင်း။ သူ့မိခင်နိုင်ငံကို ပြန်သွားပြီဆိုရင် တရားဝင် ပြန်သွားရမှာ လေ။ လေဆိပ်ကပဲ ပြန်ပြန်၊ ကားလမ်းနဲ့ပဲ ပြန်ပြန်။ တရားဝင်ပြန်ရင် သူက လ.ဝ.က မှာ အစစ်ခံတယ်၊ စာအုပ်ပြတယ်၊ အထွက်တုံး ထုတယ်ပေါ့ ထိုင်းနိုင်ငံထဲကနေ။ အထွက်တုံးထုပြီး မိခင်နိုင်ငံထဲကို အဝင်တုံးထုတယ်။ အဲဒီလိုမျိုး တရားဝင်ပြန် ရင် ဒီမှာ လက်ဗွေမရှိတော့ဘူး ကွန်ပျူတာထဲမှာ။ အဲဒီလို ပြန်လို့မရလို့ ထိုင်း လ.ဝ.က ကို ပိုက်ဆံပေးပြီးတော့ အထောက် ထားမဲ့အဖြစ် ပြည်တော်ပြန်အဖြစ် အဖမ်းခံပါတယ်ပေါ့။ မိခင်နိုင်ငံကို ပြန်ချင်လွန်းလို့။ ထိုင်းလ.ဝ.က က စာအုပ်ကို ဘာမှ တုံး ထုတာတွေ မလုပ်ဘဲနဲ့ ပြည်တော်ပြန်အဖြစ် အထောက်ထားမဲ့အဖြစ် ဖမ်းတယ်။ တစ်နှစ်၊ ခြောက်လကြာလို့ ဒီ မြန်မာနိုင်ငံသားက ဒီပြန်ဝင်လာရင် သူ့ရဲ့လက်ဗွေက auto ရှိနေပြီးသား ဒီထဲမှာ။ အဲဒီတော့ ခိုးပြန်တယ်လို့ပဲ စွပ်စွဲတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ဗွေအား လက်ဆယ်ချောင်းလုံး နှိပ်ထားသည့်အတွက် ထိုမြန်မာအလုပ်သမားများအနေဖြင့် လက်ဗွေဖျောက်ပြီး လာရောက်ကြရန်မှာ မလွယ်ကူကြောင်း ၎င်းက ဆက်ပြောသည်။

နေရပ်ပြန်လာသည့် ထိုင်းရောက် မြန်မာအလုပ်သမားများ

ယခင် လက်ဗွေ မနှိပ်ရသည့် ကာလက စာအုပ်တွင် တုံးထုရခြင်း ဖြစ်သည့်အတွက် ပွဲစားများနှင့်ပူးပေါင်းပြီး တုံးအတုများဖြင့် ထုကြကြောင်း၊ ယခု လက်ဗွေနှင့်ပြုလုပ်သည့်အခါတွင် စာအုပ် အပျောက်လျှောက်ပြီး အသစ်ပြောင်းလဲလိုက်ပါက အဆင်ပြေသည်ဟု စည်းရုံးမှုများရှိကြောင်း သိရသည်။

စာအုပ်အသစ် ပြောင်းလဲပါကလည်း ထိုသူ၏ အမည်၊ မှတ်ပုံတင်နှင့် လက်ဗွေတို့မှာ မပြောင်းသွားကြောင်း၊ မြန်မာ အလုပ် သမားအများစုသည် ထိုကိစ္စများနှင့်ပတ်သက်၍ နားလည်တတ်ကျွမ်းသူ အင်မတန် နည်းသဖြင့် ပွဲစားများ၏ စကားအား အယုံ လွယ်ကြကြောင်း၊ ထိုသို့ အယုံလွယ်ခြင်းကြောင့် လူ ၁၀၀ တွင် ၉၉ ဦးသည် ထိုင်းသို့ရောက်ပြီးမှ လှည့်ပြန်ရသည်များ ရှိ ကြောင်း ကိုသားကြီးက ပြောသည်။

ကိုသားကြီးက “ဒီလို ပြဿနာတွေ ရှိနေမယ်ဆိုရင် ခိုးဝင်တဲ့ အလုပ်သမားတွေက ပိုမိုပြီးတော့ များလာဦးမယ်။ လူကုန်ကူးမှု တွေ ပိုပြီးတော့မှ ဖြစ်လာဦးမယ်။ အဲဒီတော့ အားလုံးကို ခြုံပြီးပြောချင်တာက ထိုင်းနိုင်ငံကနေ ပတ်စပို့တွေ ရှိပါလျက်နဲ့ ပတ်စပို့ကို တုံးထုပြီးတော့မှ မပြန်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အကုန်လုံး ထိုင်းထဲကို ပြန်ဝင်လာမယ်ဆိုရင် တော်တော်လေး သတိထားရမယ်။ လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခင်းကျင်းအရ နိုင်ငံရေး အခြေအနေရနဲ့ ကျနော်တို့က အ.လ.ည ဘယ်သူ့ကို ပြောရမှန်းမသိဘူး အလုပ်သမားတွေ ပြဿနာတတ်ရင်။ ဒီကြားထဲ ထိုင်းကို ထွက်လာမယ်ဆိုရင် ပတ်စပို့ ရှိပါလျက်၊ ဗီဇာသက်တမ်းရှိပါလျက်နဲ့ တုံးကြီးထုပြီး အထွက်တုံး ထုပြီးတော့မှ မပြန်တဲ့သူတွေ ပြန်ဝင်လာဖို့ မလွယ် ဘူးလို့ အန္တရာယ်ရှိတယ်လို့ ဒါလေးပြောချင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအာဏာပိုင်များက အထောက်အထားမဲ့ ဖမ်းဆီးထားသည့် အလုပ်သမားများကိုသာ နေရပ် ပြန်ပို့ပေးခြင်းအား လုပ်ဆောင်နေသဖြင့် နေရပ်ပြန်ချင်သော တရားဝင် အလုပ်သမားများသည် တစ်စုံတစ်ခု ပြုလုပ်၍ အဖမ်းဆီးခံကာ နေရပ်ပြန်ရန် လုပ်ဆောင်ကြကြောင်း၊ ထိုသူများထဲကမှ ပိုက်ဆံပေးသည့် သူများကိုသာ ဦးစားပေး ပြန်လွှတ်ကြောင်း သိရသည်။