CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၇

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာသို့ ဆန်ရိက္ခာ သယ်ယူခွင့်ကို မေလ ၆ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ သော်လည်း ယခုအခါမှာတော့ အကန့်အသတ်ဖြင့် ပြန်လည် သယ်ယူခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒါးလက်ချောင်းကျေးရွာမှ ဒေသခံများ အမ်းမြို့သို့ လာရောက်၍ ဆန် ဝယ်ယူပါက ဆန်ရောင်းချသူများသည် စစ်ဆေးရေးဂိတ် သို့ ဝယ်ယူမည့် ပမာဏကို တင်ပြ၍ ခွင့်ပြုမိန့် တောင်းခံရကြောင်း ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးလှမောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးလှမောင်သိန်းက “ကျနော်တို့ဆီမှာ အခု ဘယ်လိုလုပ်ရလဲဆိုရင် ဂိတ်အပြင်ဘက်မှာရှိတဲ့ လူတွေအတွက် ဆန်ဝယ်ဖို့ လာပြီ ဆိုရင် ကျနော်တို့ ဆန်ပိုင်ရှင် ကနေပြီးတော့ ဂိတ်ကို လှမ်းပြီးတော့ အကြောင်းကြားရတယ်။ ဆရာ ကျနော့်မှာ စားဖို့အတွက် ဆန် ၁၀ အိတ်လောက် တင်ချင်တယ်။ ဆရာ ခွင့်ပေးပါဆို အဲဒါမျိုးဆို အနီးအနား ကျေးရွာဆို ခွင့်ပြုတယ်။ အဝေးဆို သူတို့ ခွင့်မပြုဘူး” ဟု ပြောသည်။

ဆန်သယ်ယူခွင့်ကို မေလ ၆ ရက်က ပိတ်ထားခဲ့ရာမှ မေလ ၂၀ ရက်နေ့တွင် လူတစ်ဦးလျှင် နှစ်တောင်းဆံ့ ဆန်အိတ် ၂၀ စီ အကန့်အသတ်ဖြင့် ပြန်လည် သယ်ယူခွင့် ပြုလိုက်ကြောင်း သိရသည်။

ထို့နောက် ဆန်သယ်ယူရာတွင်လည်း အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားရကြောင်း၊ ဒါးလက်ချောင်းကျေးရွာ ဒေသခံ အများစုသည် သစ်ဝါးခုတ်ခြင်းနှင့် ဖျာရက်ခြင်းများဖြင့် လုပ်ကိုင် စားသောက် နေထိုင် ကြသူများဖြစ်ကြောင်း ဒါးလက်ချောင်း ဒေသခံ ဒေါ်သိန်းက ပြောသည်။

ရခိုင်က ဆန်သယ်ယူကား

ဒေါ်သိန်းက “တင်တော့ တင်ပြရတယ်။ ကျပ်တော့ ကျပ်တည်းတယ်။ သစ်ခုတ်၊ ဝါးခုတ် စားရတယ်။ ဖျာရက် စားရတယ်။ ထရံရက်ပြီး စားကြတယ် အဲလိုပေါ့။ နားလည်မှုလေးတွေနဲ့ အဲလိုပဲ ယူကြရတယ်၊ အုပ်ချုပ်ရေးမှူး လက်မှတ် ကလေးတွေ နဲ့လေ။ ဆန်များများ သယ်ချင်တယ်ဆိုလို့ရှိရင် လက်မှတ်ကလေးနဲ့ ယူပြီးတော့ များများလေး သယ်ချင်တယ်ဆိုရင် အဲလိုပါ။ အဲလိုပဲ စားကြရတယ်၊ ဒါးလက်ချောင်းမှာက အဲလိုပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒါးလက်ချောင်း ကျေးရွာအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့် တပ်မတော်နှင့် AA ကြား တိုက်ပွဲကာလ အတွင်းက လည်း တစ်နှစ်ခန့်ကြာ ပိတ်ပင်ခံခဲ့ရကြောင်း၊ ဒေသခံများမှာ စားသောက်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရ ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲ အခြေအနေများကြောင့် ဒါးလက်ချောင်း ကျေးရွာအုပ်စုကို ဆန်သယ်ယူခွင့် ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း လုပ်လာကြ သည်မှာ ယခုအချိန်ထိ ဆိုလျှင် ၃ နှစ်နီးပါးရှိပြီဟု ဒေသခံများက ပြောသည်။

ဒါးလက်ချောင်း ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဆန်နှင့်အခြား ကုန်စည်များကို ကျောက်တော်၊ စစ်တွေနှင့် မင်းပြားမြို့နယ်မှ အဓိကဝယ်ယူကြရသည်။