CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀

မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်လာမည့် နိုင်ငံခြားသား ခရီးသွားများအတွက် ကိုဗစ်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဖြေလျှော့လိုက်မှုသည် ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မေလ ၁ ရက်နေ့မှစတင်ကာ လေဆိပ်တွင် တစ်နာရီခန့်သာကြာမည့် RDT ဖြင့် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး မရှိပါက မိမိခရီးစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကာ ရောဂါပိုးတွေ့ရှိပါက သတ်မှတ် ဆေးရုံ၊ ကွာရန်တင်းစင်တာ၊ ဟိုတယ် စသည့်နေရာများသို့ လွှဲပြောင်းပို့ဆောင်ကုသမည်ဟု ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အခြားနိုင်ငံများတွင်လည်း RDT ဖြင့် ခရီးသွားများအားစစ်ဆေးနေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက် မည့် နိုင်ငံခြားသားခရီးသွားများအတွက် ၎င်းအရာသည် အခက်အခဲမဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

“ဒါ့ကြောင့်မို့ ပိုပြီးတော့ မြန်မာနိုင်ငံအတွက် ဝင်ရောက်ဖို့ အလားအလာ ပိုပြီးကောင်းသွားတယ်။ ပြည်တွင်းရော ပြည်ပရော ခရီးသည်တွေအတွက် ဒါက အများကြီးပိုပြီးတော့ အလားအလာကောင်းသွားတယ်ပေါ့။ စီးပွားရေး လုပ်ငန်းနဲ့ခရီးသွားမယ့် business traveler တွေကတော့ များမှာပဲ။ ဒီရက်တွေအတွင်းမှာ ပိုပြီး တက်လာမှာပဲ။ တောက်လျှောက်တက်လာလိမ့်မယ်။ မြန်မာနိုင်ငံခရီးသွားတွေရော commercial flight တွေမှာ အပြည့်နီးပါး ပါနေတာတွေ့ရတယ်။ လေကြောင်းလိုင်းတွေရဲ့ frequency တွေ နည်းသေးတာလည်းပါတယ်။ အကြောင်း အရေအတွက်ရယ် ပြေးဆွဲတဲ့လေကြောင်းလိုင်းအရေအတွက်ရယ် နည်းသေးတာကြောင့်မို့လို့ အခု လောလော ဆယ် သွားချင်တဲ့ခရီးသွားတွေ မြင့်တက်နေတယ်။ business traveler တွေကတော့ အရင်ဆုံးလာကြမှာပဲ”ဟု သူက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား အပန်းဖြေခရီးသွားများ လာရောက်ရန်မှာ နည်းသေးကြောင်းနှင့် ၃ လမှ ၆ လအတွင်း အပန်းဖြေခရီးသွားများ ဝင်လာနိုင်ခြေရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခင်က နိုင်ငံခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်ရာတွင် လေဆိပ်၌ RT- PCR နည်းဖြင့် ကိုဗစ်ရှိ၊ မရှိ စစ်ဆေးပြီး ရောဂါပိုးမတွေ့ပါက သတ်မှတ် ဟိုတယ်တွင် ကွာရန်တင်း တစ်ရက်နေရမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် လွန်ခဲ့သည့် ၁၄ ရက်ကျော်က ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး ကြောင်းလက်မှတ်၊ မြန်မာနိုင်ငံသို့မဝင်ရောက်မီ ၇၂ နာရီအတွင်း RT- PCR နည်းဖြင့် စစ်ဆေးထားသည့် ကိုဗစ်မရှိ ကြောင်းအဖြေ၊ မြန်မာ့အာမခံလုပ်ငန်းထံမှ ဝယ်ယူထားသည့် ကျန်းမာရေးအာမခံအထောက်ထားတို့ ပါရှိရန် လိုအပ်သည်။

နိုင်ငံထဲသို့ ဝင်/ထွက် သွားလာရန် လွယ်ကူပါက နိုင်ငံခြားသားခရီးသွားများဝင်ရောက်မှု ပိုမို တိုးတက်များပြား လာမည်ဟု မျှော်လင့်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး‌အောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

ဒုတိယညွှန်ကြားရေးမှူး ဦး‌အောင်အေးဟန်က “ကျနော်တို့ ဒီကနေ ကြိုတင်ပြီးတော့မှ ဒီနဂိုကတည်းက လုံခြုံရေး အရ အဆင်မပြေတဲ့နေရာတွေနဲ့ပတ်သက်လို့ရှိရင် ကန့်သတ်မှုရှိတဲ့ ဧရိယာတွေ ကျနော်တို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒီဟာတွေကိုတော့ သူတို့ ကြိုတင်လေ့လာဖို့ လိုအပ်ပါလိမ့်မယ်။ လုံခြုံရေးအရ ကန့်သတ်ဧရိယာတွေ ကျနော်တို့ ထုတ်ပြန်ထားတာရှိပါတယ်။ ဒါက ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်ထားတာ။ ဒီနေရာ တွေကိုတော့ ဘယ်လိုသွားရောက်လို့မရဘူး”ဟု ပြောသည်။

ကိုဗစ်ကြောင့်ပိတ်ထားသည့် နိုင်ငံတကာလေကြောင်းလိုင်း Commercial Flight များအား ဧပြီ ၁၇ ရက်မှ စတင် ကာ ပြန်လည်ပြေးဆွဲနေပြီး တစ်ရက်လျှင် နိုင်ငံခြားသား ၁၀၀ နီးပါး နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အများစုသည် Business Visa ဖြင့် လာရောက်သူများဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ရန်ကုန်လေဆိပ် တစ်ခုတည်း၌သာ နိုင်ငံတကာ လေကြောင်းလိုင်းများ ဆိုက်ရောက် ခွင့်ပြု ထားသည့်အတွက် နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင်လည်း နိုင်ငံတကာ လေကြောင်းလိုင်းများ ဆိုက်ရောက်နိုင်ရန် စီစဉ်နေသည်။