CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက်ကာလဖြစ်သော ၉ ရက်မှ ၁၇ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှု ၁၅၀၀၀ ကျော်ရှိခဲ့ကာ သံတွဲနှင့်စစ်တွေမြို့သို့ ခရီးသွား အများဆုံးဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။

“တို့ဗမာတွေသင်္ကြန်တွင်းမှာပျော်ချင်တာပေါ့။ ပျော်ချင်တယ်ဆိုတော့လည်းပဲ အန္တရာယ်ကင်းတဲ့နေရာ အေးအေး ဆေးဆေးရှိတဲ့နေရာ၊ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့နေရာကို ပျော်ချင်တာပေါ့။ တစ်ခါပျော်ရရင်ပြီးရောလည်း မဟုတ် သေးဘူးပေါ့။ ဘေးအန္တရာယ်ကင်းတဲ့နေရာကိုလည်း သူတို့လာချင်တာပေါ့။ နောက်တစ်ခုက ဒီမှာ ပင်လယ် ကမ်းခြေဆိုတဲ့ အရပ်ဒေသက ဥပမာ မန္တလေးတို့လို ရှမ်းပြည်တို့ဘက်က ပုဂ္ဂိုလ်တွေကျတော့ ပင်လယ်ကို မမြင်ဖူး ဘူးလေ။ ပင်လယ်နဲ့အထိအတွေ့နည်းတာပေါ့။ နည်းတော့ ဒီဘက်ကို အများကြီး လာချင်ကြတာပေါ့။ ဆွဲဆောင်မှု အနေနဲ့ကတော့ ပင်လယ်ကမ်းခြေဒေသမို့လို့ လာတာလည်း ပါတယ်။ နောက် အေးချမ်းလမ်းသာတာလည်း ပါတာပေါ့။ ရခိုင်ပြည်နယ် အေးအေးချမ်းချမ်းရှိတာလေးကတော့ အဓိကပေါ့” ဟု ပြောသည်။

သင်္ကြန်ပိတ်ရက်များတွင် စစ်တွေမြို့သို့ ပြည်တွင်းခရီးသွား ၅၂၉၀ ဦးနှင့် နိုင်ငံခြားခရီးသွား ၂၁ ဦး၊ သံတွဲမြို့တွင် ပြည်တွင်းခရီးသွား ၆၁၈၆ ဦးနှင့် နိုင်ငံခြားခရီးသွား ၂၃၉ ဦး၊ ‌မြောက်ဦးမြို့သို့ ၃၁၉၅ ဦး၊ ကျောက်ဖြူသို့ ၁၂၄၆ ဦး လာရောက်ခဲ့သည့်အတွက် ရခိုင်တပြည်နယ်လုံးအတိုင်းအတာဖြင့် ခရီးသွားဝင်ရောက်မှု ၁၅၉၁၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

ထို့အပြင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၆၀ ဦး ခန့်ရှိခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံခြားသားခရီးသွားများမှာ ပြည်တွင်းရှိ NGO အဖွဲ့အစည်းများ၊ သံရုံးမှ လူပုဂ္ဂိုလ်များ၊ အလုပ်ကိစ္စဖြင့် ဝင်ရောက်လာသူများသာဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

ပြီးခဲ့သည့် မတ်လ တစ်လလုံးတွင် ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုဟာ ၁၈၀၀၀ ကျော်သာရှိခဲ့ပြီး ယခု သင်္ကြန်ပိတ်ရက် ရက်ပိုင်းအတွင်းမှာတင် ခရီးသွားဝင်ရောက်မှုမှာ ၁၅၀၀၀ ကျော်ရှိခဲ့သည့်အတွက် များပြား ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

“ဆိုတော့ ဧည့်သည်ဝင်ရောက်မှုအနေထားက မတ်လ တစ်လုံးစာနီးပါးလောက်ကို ဒီ ၈ ရက်တည်းနဲ့ ဝင်ရောက် လာတာကို တွေ့ရှိရတယ်။ ဆိုတော့ သိသိသာသာဖြစ်နေတာက သံတွဲဆိုရင် မတ်လမှာ ၇၁၈၃ ယောက် Total အဝင်ရှိတယ်။ နိုင်ငံခြားသား ၇၃ ယောက် လာခဲ့တာရှိတယ်။ အဲဒီတော့ ဒီ ၈ ရက်စာမှာ ၆၁၈၆ ယောက်နဲ့ နိုင်ငံခြား ၂၃၉ ယောက်ရှိတဲ့အတွက် သူဟာ မတ်လ တစ်လစာနီးပါးလောက် ဝင်တယ်လို့ပြောလို့ရတယ်။ မြောက်ဦးဆိုရင် မတ်လမှာ ၂၈၂၅ ယောက်ဝင်ပြီးတော့ ဒီ ၈ ရက်စာလေးမှာ ၃၁၉၅ ယောက်ဝင်တဲ့အတွက် ပြီးခဲ့တဲ့ မတ်လတစ်လစာကိုတောင်မှ ကျော်ပြီးတော့ ဝင်ရောက်တယ်ဆိုတာတွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့)မှ စတင်ကာ ရပ်နားထားသည့် နိုင်ငံတကာ လေကြောင်းလိုင်း ပြေးဆွဲမှုများအား ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းအပေါ် မျှော်လင့်ချက်များရှိကြောင်းလည်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။

မကြာခင်တွင် မိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ကမ်းနားဒေသများရှိ အချို့ဟိုတယ် များမှာ ယာယီရပ်နားကြမည်ဖြစ်ကာ ပွင့်လင်းရာသီ အောက်တိုဘာလလောက်မှ ပြန်လည်စတင်ကြမည် ဖြစ်ကြောင်း သိရသည်။