CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့ရသည့် စားသောက်ဆိုင်တချို့မှာ ယခုအချိန်ထိ နလန်မထူနိုင်သေးသလို ထပ်မံ ပိတ်လိုက် ရသည့် ဆိုင်များလည်း ရှိနေကြောင်း ရန်ကုန် စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငှားရမ်းခများ မတတ်နိုင်ခြင်း စသည့် အကြောင်းများကြောင့် စားသောက်ဆိုင်တချို့မှာ ပိတ်ရသည်များ ရှိသကဲ့သို့ ဆိုင်ခွဲများအား လျှော့ချလာခြင်းများလည်း ရှိလာသည်ဟု စားသောက် ဆိုင် လုပ်ငန်းရှင်များအသင်း (ရန်ကုန်)၏ဥက္ကဋ္ဌ ဦးနေလင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးနေလင်းက “ကိုဗစ်ကာလကနေ ခုချိန်ထိ နလန်မထူနိုင်လို့ ပြန်ပြီးတော့ မထွက်နိုင်တဲ့ဆိုင်တွေ အများကြီးပေါ့နော်။ အခုမှ ထပ်ပိတ်သွားတာဆိုတာတော့ အချိန်ကြာမြင့် လာတာနဲ့အမျှ ပြန်ပြီးတော့ မဖွင့်နိုင်ဘူးဆိုတာတော့ အဓိကကတော့ များသော အားဖြင့်က ကိုဗစ်ကာလ ဖြစ်တဲ့အချိန်မှာ ပြန်မဖွင့်နိုင်တော့တဲ့ ဆိုင်တွေ များတာပေါ့နော်။ များသောအားဖြင့်က အဓိကက ငှားရမ်းခတွေကို ပြန်ပြီးတော့ မပေးဆပ် နိုင်တော့ဘူး။ ငှားရမ်းခ ထပ်ပြီးတော့ သက်တမ်းတိုးမယ့် အချိန်မှာ ထပ်ပြီးတော့ သက်တမ်း မတိုးပေးနိုင်တော့ဘူး။ ဒါတွေကြောင့် ပိတ်တယ်ဆိုတာ သူပိတ်တဲ့ အကြောင်းရင်းက မျိုးစုံ ရှိမှာပေါ့။ ကုန်ဈေးနှုန်း မြင့်တဲ့အတွက် ထပ်ပြီးတော့ မလုပ်ချင်တာ ဒါကတော့ မျိုးစုံ ရှိမှာပေါ့။ ယေဘုယျအားဖြင့်ကတော့ ဆိုင်တွေ တော်တော် များ များကတော့ ဆိုင်ခွဲ အရင်တုန်းက ၃၀ ရှိတဲ့ဆိုင်က အခု ၃၀ မရှိတော့ဘူး။ ၂၅ ဆိုင်လောက်ပဲ ရှိတော့တယ်။ အရင်တုန်းက ဆိုင်ခွဲ ၁၀ ဆိုင်လောက် ရှိတဲ့ဆိုင်က ဆိုင်ခွဲ ၁၀ ဆိုင် မရှိတော့ဘဲနဲ့ ဆိုင်ခွဲ ၆ ဆိုင်၊ ၇ ဆိုင်လောက်နဲ့ပဲ ဆက်ပြီးတော့ သွားနေ ရတယ်” ဟု ပြောသည်။

ဦးနေလင်းကိုတွေ့ရစဉ်

စားသောက်ဆိုင် လုပ်ငန်းများဟု ဆိုရာတွင် လက်ဖက်ရည်ဆိုင်ကို ထည့်သွင်းထားခြင်း မရှိကြောင်းနှင့် ဆိုင်ထိုင်စား၍ ရသည့် ဘီယာဆိုင်၊ ထမင်းဆိုင်နှင့် တခြားသော အစားအစာရောင်းချသည့် ဆိုင်များကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင် လုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းသွားသည့်ဆိုင်များ ရှိသကဲ့သို့ ထပ်တိုးပြီး ပြန်လည် ဖွင့်လှစ်လာသည့် ဆိုင်များနှင့် နေရာပြောင်းလဲ၍ နာမည်အသစ်ဖြင့် ပြန်လည် ဖွင့်လှစ်လာသည့် ဆိုင်များလည်း ယခု အချိန် တွင် ရှိနေကြောင်း၊ သို့သော်လည်း ထိုအရေအတွက်သည် အနည်းငယ်သာ ရှိသည်ဟု စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့နောက် ယခုကာလတွင် ကုန်ဈေးနှုန်း မြင့်တက်မှုအပြင် လျှပ်စစ်မီးကို အချိန် အကန့်အသတ်ဖြင့်သာ ရရှိခြင်းကြောင့် မီးစက်များကို အသုံးပြုနေရသည့်အတွက် စားသောက်ဆိုင်များအနေဖြင့် ရုန်းကန်နေရသည့် အခြေအနေရှိနေကြောင်း ဦးနေလင်းက ပြောသည်။

စားသောက်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “အခြေခံ စားသောက်ကုန်တွေ တက်သွားတဲ့အတွက် ဆိုင်တွေက ဈေးမြှင့်ပြီးတော့ ရောင်းရတယ်။ အခုတစ်ခါ မီးတွေ ပျက်ပြန်တော့လည်း မီးပျက်တော့ တချို့ဆိုင်တွေဆိုရင် မီးပျက်တဲ့အချိန်မှာ သူတို့ဘာမှ မလုပ်နိုင်ဘူး။ ဒီအတိုင်းပဲ ဖြစ်သလို လုပ်ရတယ်။ ရောင်းအား ကျသွားတယ်။ တချို့ဆိုင်တွေ ကျတော့လည်း မီးစက်တွေ သုံးတယ်။ မီးစက်သုံးတာနဲ့အမျှ မီးစက်ဖိုး ကလည်း ဝယ်ရတာလည်း ရှိသလို လောင်စာဆီကလည်း သုံးရတယ်။ လောင်စာဆီကလည်း တစ်နေ့ကို မီးစက်က ၇ နာရီ၊ ၈ နာရီလောက် သုံးနေရတယ်။ အလှည့်ကျ မီးဖြတ်တယ်ဆိုတော့။ အဲလို သုံးနေရတာနဲ့အမျှ ကျနော်တို့ ဆီစရိတ်တွေ ကုန် တယ်။ ကျနော်တို့မှာ Extra cost တွေ အများကြီး ရှိတယ်။ ဒါတွေ အများကြီး တွက်လိုက်ရင်တော့ ကျနော်တို့ စားသောက် ဆိုင်တွေက တော်တော်လေး ရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်နေတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် စားသောက်ဆိုင်များအတွက် သတ်မှတ်ထားသည့် အခွန် ၅ ရာခိုင်နှုန်း ကို စားသုံးသူနှင့် စားသောက်ဆိုင် လုပ်ငန်းများက အခွန်ပေးဆောင်ခြင်း လျော့ပါးခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ထိုအခွန်ကို ပေးဆောင်ရန် အခွန်ရုံးဌာနမှ ညွှန်ကြားလာကြောင်းနှင့် တင်းတင်းကြပ်ကြပ် ကြပ်မတ် လုပ် ဆောင်ရန် ပြောလာမှုများလည်းရှိကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှ သိရသည်။