CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၀

လအလိုက် ရာသီပွဲတော်များနှင့် တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များ ကျင်းပနေမှုကို စာရင်းပြုစု၍ မြန်မာ့ခရီးသွားလုပ်ငန်းကို မြှင့်တင်ပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံကနေ သိရှိရသည်။

ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က “မြန်မာနိုင်ငံမှာ တိုင်းနှင့်ပြည်နယ်အလိုက် ၁၂ လရာသီ ပွဲတော်တွေ ရှိတယ်လေ။ နောက်ပြီးတော့ တစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ တချို့ တိုင်းရင်းသားဒေသတွေမှာတော့ သူတို့တိုင်းရင်းသား မျိုးနွယ်စု တွေအလိုက် ရိုးရာပွဲတော်တွေ ကျင်းပတာရှိတယ်။ အဲဒါတွေကို အခု ကျနော်တို့က လိုက်ပြီးတော့ စုစည်း နေတာပေါ့နော်။ စုစည်းနေတယ်ဆိုတာက အဲဒီမှာ ပွဲတော်တွေကို ဘယ်နေရာတွေမှာ အဓိက ကျင်းပကြတယ်။ စည်စည်ကားကားနဲ့ ကျင်းပတဲ့ဟာတွေက ဘယ်လိုအချိန်တွေမှာ အဲလိုကျင်းပကြလဲ။ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ လိုက်ပြီးတော့ စုစည်းနေတာပေါ့။ စုစည်းပြီးလို့ရှိရင် ကျနော်တို့ ရည်ရွယ်တာ ကတော့ ဒီလိုပွဲတော်ကြီးတွေကို ပထမဦးဆုံးတော့ ပြည်တွင်းခရီးသွားတွေ သွားဖို့အတွက်ပေါ့နော် မြှင့်တင်ရေးတွေ လုပ်မယ် အဲလိုရည်ရွယ်တာပေါ့။ နောက်ပိုင်းကျရင်တော့ နိုင်ငံတကာက ဧည့်သည် တွေကလည်း မသိဘူးလေ။ ပြက္ခဒိန်အလိုက် လုပ်ထားရမှာပေါ့။ ဥပမာ မေလထဲမှာ မြန်မာပြည်လာလို့ ရှိရင် ဘယ်ပွဲတွေရှိတယ်။ အောက်တိုဘာမှာဆိုရင်တော့ ဘယ်ပွဲတွေရှိတယ်။ အဲလိုမျိုး ကျနော်တို့က စီစဉ်ထားမှာပေါ့။ စီစဉ်ပြီးတော့ လအလိုက်ပွဲတွေ ကျနော်တို့က promote မှာပေါ့ ” ဟု CNI သတင်းဌာန သို့ ပြောသည်။

ယခုကဲ့သို့ ပွဲတော်များဖော်ထုတ်ပြီး ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်ခြင်းကို နှစ်စဉ်နှစ်တိုင်း ပြုလုပ် ခဲ့သော်လည်း ကိုဗစ် - ၁၉ ကူးစက်မှု စတင်ဖြစ်ပွားသည့်အချိန်တွင် ရပ်နားလိုက်ရကြောင်း သိရသည်။

ယခုလို ပြန်လည်လုပ်ဆောင်ခြင်းသည် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေနိုင် သလို ဝင်ငွေများလည်း တိုးတက်လာစေနိုင်သော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေနှင့် နယ်မြေ တည်ငြိမ်ရေးအခြေအနေကြောင့် အောင်မြင်ရန် မလွယ်သေးကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း၏ နာယက ဦးသက်လွင်တိုးက CNI သို့ ပြောသည်။

“ကျနော်တို့ နှစ်စဉ် လုပ်ခဲ့တယ်။ ဒီကာလမှာ အကြောင်းကြောင်းကြောင့် နားသွားရပေမယ့် အခု ပြန်လုပ်တာလည်း ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှပဲ ဒေသခံတွေလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွလာမယ်။ ဝင်ငွေတွေလည်း ပြန်လည် အထိုက်အလျောက် ရရှိလာမှာပေါ့။ ဒါပေမယ့် ကျနော်တို့က ဒေသတွင်း ငြိမ်းချမ်းမှု မရသေးသ၍တော့ ခရီးသွားလုပ်ငန်းက အောင်မြင်မှာ မဟုတ်နိုင်ဘူး။ အလုံးစုံ အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုတာ မလွယ်သေးပါဘူး” ဟု ပြောသည်။

ယခင်က ရာသီအလိုက် ပွဲတော်များဖြင့် ခရီးသွားများကို ဆွဲဆောင်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ခရီးသွား လုပ်ငန်းတွင် အထိုက်အလျောက် တိုးတက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

သို့သော် လက်ရှိကာလတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှုကို ပြန်လည်ခွင့်ပြုထားသော်လည်း လေ ကြောင်းခရီးစဉ် အကန့်အသတ်ရှိနေခြင်း၊ခရီးစရိတ်ကြီးမြင့်ခြင်းနှင့် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ခရီးသွားများ ဝင်ရောက်ရန် အခြေအနေ မရှိနိုင်သေးကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင် သူများက သုံးသပ်နေကြသည်။