CNI International News

တိုကျို၊ မေလ ၂

အရှေ့တောင်အာရှဒေသတွင်းရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဂျပန်စွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သော ENEOS Holdings Inc. သည် လက်ရှိလုပ်ကိုင်နေသည့် သဘာဝဓာတ်ငွေ့စီမံကိန်းကို ကျောခိုင်းထွက်ခွာတော့မည်ဟု မေလ ၂ ရက် (ယနေ့) ကြေညာခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ရေးသားဖော်ပြသည်။

ENEOS လက်အောက်ရှိ JX နိပွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံရှိ ရဲတံခွန် ဓာတ်ငွေ့ စီမံကိန်းရှိ ၎င်း၏ စီးပွားရေး မိတ်ဖက်များကို ကျောခိုင်းထွက်ခွာမည့်အကြောင်း ဆုံးဖြတ်ချက်အား ဧပြီ ၂၉ ရက်တွင် အသိ ပေးခဲ့ကြောင်း ENEOS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းတွင် အစုရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် JX နိပွန်သည် လူမှုရေးဆိုင်ရာ ပြဿနာများ အပါ အဝင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ဓာတ်ငွေ့ လုပ်ငန်းနယ်ပယ်၏ နည်းပညာဆိုင်ရာ အကဲဖြတ်ချက်ကို အခြေခံ လျက် စီမံကိန်းစီးပွားရေးကို ထည့်သွင်းစဉ်းစားခဲ့ကြောင်း ENEOS က ဆက်လက် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်း၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် ENEOS သည် မြန်မာနိုင်ငံမှ နောက်ဆုံး ထွက်ခွာသွားသည့် ဂျပန်စွမ်းအင်ကုမ္ပဏီ ဖြစ်လာခဲ့ သည်။

ယခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလကလည်း ကီရင် (Kirin Holdings) ကုမ္ပဏီသည် မြန်မာပြည်တွင်း စစ်တပ်နှင့် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို အဆောတလျင် အဆုံးသတ်ဖို့ မြန်မာနိုင်ငံရှိ ဘီယာဈေးကွက် မှ ထွက်ခွာသွားကြောင်း ကြေညာခဲ့သည်။

ယခု စွမ်းအင်ကုမ္ပဏီတစ်ခု၏ ကျောခိုင်းထွက်ခွာမှုသည် မြန်မာအာဏာပိုင်များထံမှ ခွင့်ပြုချက်ရပြီးလျှင် ထွက်ခွာမှု လက် တွေ့ အကျိုးသက်ရောက်ခြင်း ရှိမည်ဟု ENEOS ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ယခုကဲ့သို့ ထွက်ခွာသွားမှုအတွက် ကုမ္ပဏီအပေါ် ထိခိုက်စေခြင်းမှာ အနည်းငယ်သာ ရှိမည်ဟု ၎င်းထုတ်ပြန်ချက်အရ သိရသည်။

Source: Kyodo News Agency