CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ရေထွက်ကုန်များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင်သာ တင်ပို့ခွင့်ပြုခြင်းကြောင့် မောင်တောကုန်သည်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်၍ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ရေထွက်ကုန်၊ လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ပစ္စည်း များကို စစ်တွေကုန်သွယ်ရေးစခန်းတွင်သာ တင်ပို့ခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးရေးထွက် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက် သွန်နီနှင့် ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းတွင်သာ တင်ပို့ကြရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရေချိုငါးမြစ်ချင်းများ အဓိက တင်ပို့နေသည့် မောင်တောနယ်စပ် ကုန်သည်များအနေဖြင့် မောင်တောမှ တဆင့် အဆိုပါကုန်စည်များကို တင်ပို့ခွင့် မရရှိခြင်းကြောင့် ကုန်သည်များနှင့် အလုပ်သမားများအတွက် အခက် အခဲ ဖြစ်လာကြောင်း သိရသည်။

စစ်တွေမှ တင်ပို့ရာတွင် အချိန်ကြာမြင့်သည့်အတွက် ရေထွက်ကုန်များသည် အရည်အသွေး ကျဆင်းပြီး ဈေးနှုန်း များလည်း ကျဆင်းသွားသည်ဟု ရခိုင်ပြည်နယ်၊ မောင်တောကုန်သည် ဦးသိန်းမောင်က CNI သတင်းဌာနသို့ ပြော သည်။

 ရခိုင်- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ကုန်စည်များကို သယ်နေကြစဉ်

၎င်းက “အခုလောလောဆယ်က ၄ ရက်နေ့ကနေ စပြီးတော့ လိုင်စင်အသစ် မပေးတော့တာပေါ့ ထုတ်ပြန်ချက်မှာ ပါတဲ့ ကုန်ပစ္စည်းတွေကိုလောလောဆယ်တော့ လက်ကျန် ကျန်တဲ့ဟာတွေနဲ့တော့ သွားနေပါတယ်။ အခုပုံစံအရ တော့ သူတို့ထုတ်ပြန်ချက်မှာပါတဲ့ ကုန်တွေကို စစ်တွေဘက်ကပဲ ပို့ရမှာပေါ့။ မောင်တောကနေ ပို့လို့မရတော့ဘူး ဆိုတဲ့ သဘောပေါ့လေ။ အကျပ်အတည်း ဖြစ်သွားတာပေါ့။ အဓိကက ဒီဘက်က သွားနေတာက ရေထွက်ကုန်။ ရေထွက်ကုန်က အဓိက သွားနေတာပေါ့လေ။ အဲဒီကုန်ပစ္စည်းတွေသာ ပို့လို့မရဘူးဆိုရင် ဒီက အကုန်လုံး အလုပ် သမားတွေရော၊ ကျန်တာတွေရော အကုန်လုံး အကျပ်အတည်း ဖြစ်ကုန်မှာပေါ့။ ငါးတွေက ကုန်စိမ်းဖြစ်တာ ကြောင့် မောင်တောဘက်ကနေဆိုရင် လှေနဲ့သွားရင် ၄၅ မိနစ်၊ ၁ နာရီပဲ ကြာတဲ့ခရီးက ဟိုဘက်က စစ်တွေဘက် က သွားမယ်ဆိုရင် နာရီ ၂၀၊ ၂၅၊ ၁ ရက် နီးပါးလောက် ကြာပါတယ် ဘင်္ဂလားကို သွားရမှာလေ။ ကုန်ချရတာနဲ့ သွားမယ့်အချိန်နဲ့က အဲဒီလောက် ဖြစ်နေတော့ အဲဒီရေထွက်ကုန်ပစ္စည်းတွေက စစ်တွေဘက်က သွားရင်တော့ ကွာလတီ ကျသွားပြီးတော့ ဈေးတွေ ကမောက်ကမ ဖြစ်ကုန်မှာပေါ့ အဲဒီလို တစ်ခုတော့ ရှိပါတယ်။ စဉ်းစားနေကြ ပါတယ် စစ်တွေဘက်က သွားမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကို။ အကောင်းဆုံးကတော့ ရေထွက်ကုန် ပစ္စည်းကတော့ တခြားကုန်ကတော့ အဲဒီလောက် ပြဿနာ မရှိပါဘူး။ ရေထွက်ကုန်ပစ္စည်းပေါ့နော် မောင်တော ဘက်ကနေပြီးတော့ ပြန်ပြီးတော့ သွားလို့ရစေချင်ပါတယ်။ ကုန်သည်တွေ ဆန္ဒကလည်း ဒီဘက်ကပဲ သွားချင်ပါ တယ်။ စစ်တွေဘက်ကဆိုရင်တော့ သိပ်အားမပါကြဘူး။ ဘင်္ဂလား ကုန်သည်တွေကလည်း စစ်တွေဘက်က သွား ရင် ငါးကွာလတီတွေက ကျသွားတဲ့အတွက် ဈေးကောင်းမရဘူး အဲဒီလို အခက်အခဲတော့ ရှိပါတယ်” ဟု ပြော သည်။

လက်ရှိတွင် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပစ္စည်းတင်ပို့မှုသည် မရှိသ လောက် နည်းပါးလျက်ရှိနေကြောင်း သိရသည်။

စစ်တွေမှတဆင့် တင်ပို့ရာတွင် ကုန်ကျစရိတ် မြင့်မားခြင်း၊ အချိန်ကြာမြင့် ခြင်းနှင့် ကုန်ပစ္စည်းများ အရည်အသွေး ကျဆင်းပြီး ဈေးနှုန်းရရှိမှု နည်းပါးခြင်းကြောင့် ကုန်သည်များက တောင်ကုတ်နှင့် မောင်တောနယ်စပ်မှတဆင့် တင်ပို့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်နေသည်ကို တွေ့ရစဉ်

ရေထွက်ကုန်များကို စစ်တွေကုန်သွယ်ရေး စခန်းမှတဆင့် တင်ပို့ရမည်ဆိုပါက ကုန်သည်များအတွက် အကျိုး အမြတ် မရရှိသည့်အပြင် ဆုံးရှုံးမှုများသာ ရှိသည်ဟု မောင်တောကုန်သည်များက ပြောသည်။

ထို့ကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးတွင် ကုန်စည်ပို့ဆောင်မှု များပြားစေရန်အတွက် ရေထွက်ကုန်၊ လယ်ယာနှင့် စိုက်ပျိုးရေးထွက် ကုန်စည်များကို စစ်တွေမှတဆင့် တင်ပို့ရန် ထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း၊ မောင်တောကုန်သည်များအနေဖြင့် ရေထွက်ကုန်ကို မောင်တောနယ်စပ်တွင် တင်ပို့ခွင့်ရရှိရန် သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု မောင်တောကုန်သည် ဦးဆန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စစ်တွေမြို့က ရခိုင်ပြည်နယ်ရဲ့ မြို့တော် ဖြစ်တယ်ပေါ့နော်။ ဆိပ်ကမ်းထဲမှာလည်း စစ်တွေက ကုန်စည် စီးဆင်းမှုက မရှိသလောက် ဖြစ်သွားတယ်။ လယ်ယာထွက် ကုန်ပစ္စည်းဆိုလည်း ဂျင်းတို့ဘာတို့က တောင်ကုတ် ဘက်ကနေ ဆင်းကြတယ်။ တောင်ကုတ်ကနေ ဆင်းလို့ရှိရင် ကားခတွေ တော်တော်သက်သာတာကိုး။ ဆိုတော့ မောင်တောကနေ ဆင်းတယ်။ စစ်တွေက ကုန်စည်စီးဆင်းမှုက မရှိသလောက်ကို ဖြစ်သွားတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကိုသော်လည်းကောင်း၊ ဒါမှမဟုတ် စစ်တွေက ထိုင်တဲ့ ကုန်သည်တွေက သော်လည်း ကောင်း သက်ဆိုင်ရာ တစ်ဦးဦးကို တင်ပြလို့ နေမှာပေါ့။ ဒီဘက်က ကုန်သည်တွေ အချင်းချင်းလည်း တိုင်ပင်နေ ကြတယ်လေ။ သက်ဆိုင်ရာဘက်ကို တခြားကုန်တွေထက် ငါးပေါ့ ရေချိုငါး၊ ရေငန်ငါး ပို့တဲ့အဖွဲ့တွေဆိုတော့ ငါး လုပ်ငန်းဦးစီးဌာနနဲ့ Meeting ခေါ်ပြီးတော့ စကားတွေပြောတာတွေ ရှိတယ်။ ကိုယ်တွေမှာ ဖြစ်ပျက်နေတဲ့ အခက် အခဲတွေကို တင်ပြတာပေါ့။ နှုတ်နဲ့ တင်ပြတာထက် စာရင်တော့ စာတကြောင်းပေတကြောင်းနဲ့ တင်ပြတာက ပိုကောင်းတယ်ဆိုတော့ စာတင်ပြီးတော့ စာတင်ဖို့ လုပ်နေကြတယ်။ သူကတော့ သူ့ဆိုင်ရာ ဆိုင်ရာအတိုင်း အဆင့်ဆင့် တင်ပြသွားမယ်လို့ ပြောထားတယ်။ ငါးလုပ်ငန်း ဦးစီးဌာနကို အကူအညီတောင်းထားတယ် အစ်ကိုတို့ အဖွဲ့တွေ” ဟု ပြောသည်။

လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်စည်များကို တင်ပို့ရာ၌ ယခင်ရရှိပြီးသည့် လိုင်စင် လက်ကျန်များကိုသာ တင်ပို့လျက်ရှိနေသည်ဟု သိရသည်။