CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၆ 

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များကို အခွန်များ တိုးမြှင့်ကောက်ခံရန် စီးပွားရေး လုပ်ငန်းရှင်များနှင့် မီလျံနာ အများ စုက စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20)အား အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ချမ်းသာကြွယ်ဝမှု မမျှတသည့် အခြေအနေများ မြင့်တက်လာမှုကြောင့် စီးပွားရေး၊ ဂေဟစနစ်နှင့် လူ့အခွင့်အရေး ပြဿနာများ ပိုမိုဆိုးရွား လာနိုင်သည်ဟုလည်း ၎င်းတို့က သတိပေးခဲ့သည်။

အိန္ဒိယနိုင်ငံတွင် စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည့် ချမ်းသာကြွယ်ဝသည့် G-20 နိုင်ငံများ၏ အစည်းအဝေးမတိုင်မီ လူပေါင်း ၃၀၀ ကျော် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ထိုအိတ်ဖွင့်ပေးစာထဲ၌  လက်မှတ် ရေးထိုးပြီး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

အခြေခံ လူတန်းစားများကိုတွေ့ရစဉ်

"လူအနည်းငယ်လောက်ကပဲ တစ်နေ့ထက်တစ်နေ့ ပိုပြီး ချမ်းသာလာတာဟာ ကမ္ဘာ့နိုင်ငံရေး တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်"ဟု ထိုအိတ်ဖွင့် ပေးစာထဲတွင် ပါဝင်ရေးသားခဲ့သည့် မီလျံနာများ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ဘီလျံနာများ၏ ချမ်းသာကြွယ်ဝမှုသည် ၁၀၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ပမာဏအားဖြင့် ဒေါ်လာ ၅ ဒသမ ၆ ထရီလျံမှ ဒေါ်လာ ၁၁ ဒသမ ၈ ထရီလျံအထိ ရှိခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု လျော့ပါးသက်သာစေရေး အဖွဲ့ဖြစ်သည့် Oxfam International ၏ အဆိုအရ သိရသည်။

ဘီလျံနာ စုစုပေါင်း၏ ကြွယ်ဝချမ်းသာမှုသည် တစ်နေ့လျှင် ၂ ဒသမ ၇ ဘီလျံအထိ ရှိခဲ့သည်ဟုလည်း Oxfam International က တွက်ချက် ဖော်ပြခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ၏ ၁၀ ရာခိုင်နှုန်းသည် ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ အောက်ခြေမှ ၅၀ ရာခိုင်နှုန်းသည် ၂ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ခဲ့သည်ဟု ၂၀၂၂ ခုနှစ် World Inequality သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

စီးပွားရေး မညီမျှမှုအပေါ် သဘောထား ထုတ်ဖော်နေကြစဉ်

"အဲဒီလို သာတူညီမျှမှုမရှိတဲ့ အခြေအနေ ပိုမိုမြင့်တက်လာတာက ကမ္ဘာလုံးဆိုင်ရာ စနစ်တွေရဲ့ ခိုင်မာမှုကို လျော့ပါးစေနိုင်ပြီး ဒီကိစ္စကို ခေါင်းချင်းဆိုင် ဖြေရှင်းရပါလိမ့်မယ်" ဟု ထိုအိတ်ဖွင့်ပေးစာထဲတွင် ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများ၏ မူဝါဒများသည် အလွန်အမင်း ချမ်းသာကြွယ်ဝ သူများနှင့် ဘဏ္ဍာရေးကဏ္ဍထံမှ အကျိုးအမြတ်များစွာ ရရှိနေချိန်တွင် အလုပ်သမား လူတန်းစားများ၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။

အလွန်အမင်း ချမ်းသာကြွယ်ဝသူများကို အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဆိုပါက တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၇ ထရီလျံအထိ ရရှိမည်ဖြစ်ပြီး ထိုငွေပမာဏသည် လူပေါင်း သန်း ၂၀၀၀ ကို ဆင်းရဲတွင်းထဲမှ ဆွဲထုတ်ရန် လုံလောက်သည်ဟု Oxfam က ထုတ်ပြန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား