CNI International News

နူဆာဒူအာ (အင်ဒို)၊ နိုဝင်ဘာ ၁၄

ဂျိုးဘိုင်ဒန်နှင့် ဗလာဒီမာပူတင်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်မလာခဲ့သော်လည်း ယူကရိန်းသို့ ရုရှား ကျူး ကျော်စစ်၊ တရုတ်နှင့်အနောက်အုပ်စုအကြား တင်းမာမှုများသည် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ့ ခေါင်းဆောင်များ တွေ့ဆုံကြသော အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း G-20 ထိပ်သီး အစည်းအဝေး၌ ဦးစားပေး ဆွေးနွေးကြသည့် ရေပန်းအစားဆုံး ကိစ္စရပ်များဖြစ်နေကြောင်း အေပီသတင်းအရ သိရသည်။

G-20 အုပ်စုဝင် နိုင်ငံ့ခေါင်းဆောင်များသည် အင်ဒိုနီးရှား၏ အပန်းဖြေ ကျွန်းပေါ်သို့ စုဝေးရောက်ရှိလာကြပြီး နိုဝင်ဘာ ၁၅ ရက်တွင် အတူတကွ အသစ်တဖန် တည်ဆောက်ကြဖို့၊ ပြန်လည် အင်အားတောင့်တင်းလာစေဖို့ စသည့် ဦးတည်ချက်များဖြင့် အစည်းအဝေး စတင်ရန် မျှော်လင့်ထားသည်။

ဘာလီကျွန်းနှင့် ဝေးရာတွင် ပူတင်ရှိနေစဉ် ဘိုင်ဒန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် လူချင်းတွေ့ဆုံမည်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်သစ် ရီရှီဆန်းနက်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ (Giorgia Meloni) တို့နှင့်လည်း ဆွေးနွေးရန် စီစဉ်ထားသည်။

G-20 အစည်းအဝေး တက်ဖို့ရောက်လာတဲ့ ဘိုင်ဒန်ကို ကြိုဆိုနေစဉ် (AP)

အဆိုပါ ထိပ်သီး အစည်းအဝေး၏ တရားဝင် ဦးစာပေးကဏ္ဍများမှာ ကျန်းမာရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသော စွမ်းအင်ကိစ္စနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုတို့ဖြစ်ကြပြီး ယူကရိန်းစစ်ကို ဗဟိုပြုနေသည့် ကမ္ဘာ့စီးပွားရေး နှင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများက ဖုံးလွှမ်းသွားနိုင်သည့် အလားအလာလည်း မြင်နေရသည်။

ထိုစစ်ပွဲဂယက်ကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကောက်ပဲသီးနှံ ကုန်သွယ်ရေး ထိခိုက်နစ်နာခဲ့ရသဖြင့် ယခု ထိပ်သီး အစည်းအဝေး၌ ဦးစားပေး ဆွေးနွေးစရာမှာ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးတို့အဖြစ် အသွင်ပြောင်း လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဥရောပနှင့်အာရှတို့ရှိ အမေရိကန်နှင့်၎င်း၏ မဟာမိတ်များသည် တန်ခိုးဩဇာကြီးထွားလာ သော တရုတ်ကို ပိုမိုဆန့်ကျင်ရန် ဖြစ်လာခဲ့သည်။ ထွန်းသစ်စ G-20 စီးပွားရေး နိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ဘရာဇီးနှင့် အိမ်ရှင်အင်ဒိုနီးရှားတို့မှာ အင်အားကြီး နိုင်ငံအချင်းချင်း အားပြိုင်မှုအကြား ကျပ်တည်းကျဉ်းမြောင်း သော လမ်းကြောင်းကို လျှောက်လှမ်းနေရသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ G-20 အုပ်စုဝင် အချင်းချင်း သဘောထား ကွဲလွဲ နေမှုများကို စေ့စပ်ပေါင်းကူးပေးရန် ကြိုးစားခဲ့သဖြင့် ၎င်းကို ပြီးခဲ့သည့် နွေရာသီ၌ ယူကရိန်းသို့ ရုရှားကျူးကျော် ပြီးနောက် ကမ္ဘာ့အရေး ဝင်ရောက်စေ့စပ်ဖျန်ဖြေရန် ကြိုးစားသည့် ပထမဆုံး အာရှခေါင်းဆောင်အဖြစ် သတ်မှတ် ကြသည်။

Source: AP