CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄

ရခိုင်အမျိုးသား တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်း စိတ်ဝမ်းကွဲနေမှုမှာ ကောင်းသည့် လက္ခဏာမဟုတ် ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြော သည်။

လက်ရှိတွင် Facebook(ဖေ့စ်ဘွတ်ခ်)၌ အကောင့်(Account)အတုများဖြင့် လူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်နေကြောင်း၊ တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်း ရည်မှန်းချက်တူသော်လည်း စိတ်ဝမ်းကွဲမှု ရှိလာ ကြောင်း ၎င်းက ပြောသည်။

ဒေါ်စောမြရာဇာလင်းက “ကွဲတယ်ဆိုကတည်းက သူ့ကို ထောက်ခံတဲ့လူ ကိုယ့်ကိုယ် ထောက်ခံတဲ့လူ စသည် အား ဖြင့် အများကြီး ရှိပါတယ်။ ပြီးလို့ရှိရင် ဥပမာ မတော်ရာပေါ့နော်၊ Facebook အတုတွေ အများကြီး လုပ်ပြီးတော့မှ တိုက်ခိုက်တာ၊ အတုတွေ ဆိုတာကတော့ တော်တော်ကို ပုံတူ အကုန်လုံး Page တွေက ပုံတူ အတုယူပြီးမှ အဲဒီလို မျိုး ထင်ထောင်ထင်မှား ဖြစ်စေသည်သာမက ပြည်သူတွေ အကြည်အညှိပျက်အောင် အဲဒီလိုမျိုး အထိတောင်မှ ရှိ နေတယ်၊ အဲဒါ ဘယ်သူဘယ်ဝါလို့ လက်ကိုင် မပြောနိုင်ပေမယ့်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတူတဲ့ လူတွေထဲမှာ ဖြစ်ပေါ်နေ တယ်ဆိုတာမျိုးကတော့ ထင်လို့ရတာပေါ့နော်၊ ဘယ်လိုပဲ ပြောပြော တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝမ်း ကွဲပြား မှု တွေကတော့ အများကြီး ရှိပါတယ်။ ဒီထက်လည်း ရှိနိုင်ပါတယ်။ ဒါကတော့ ကောင်းတဲ့ လက္ခာမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ နာမည်ကွဲတယ်၊ လုပ်ဆောင်ချက် ကွဲတယ်ဆိုတော့ ဘယ်လိုပဲ ရည်မှန်းချက်တူတူ စိတ်ဝမ်း ကွဲပြားမှုကတော့ ရှိလာပါတယ်။ ကိုယ့်ဖက်ကို ထောက်ခံတဲ့လူ သူ့ဖက်ကို ထောက်ခံတဲ့လူ စသည်အားဖြင့်ပေါ့ နော်၊ ပြည်သူတွေ ကြားမှာလည်းပဲ အဲဒီလိုမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကတော့ အမျိုးသားတော်လှန်ရေး အတွက် တော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က ALP ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ခိုင်မြသာကို ရက္ခိုင့် တပ်‌တော် (ULA/AA) က ဖမ်းဆီးသွားကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့တွင် ALP မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုမှာ မြေပြင်သတင်းအရ ALP အချင်းချင်း ဖမ်းဆီးမှုဟု ကြားသိရကြောင်း၊ ULA/AA ဘက်မှ မဖမ်း ဆီးထားဟု ငြင်းဆိုထားကြောင်း၊ ထို့အတူ ALP နှင့် ULA/AA တို့ ဆန့်ကျင်ဘက် ဖြစ်လာသော်လည်း ပြည်သူ လူထုများ၏ ထောက်ခံမှုမှာ ကွဲထွက် သွားနိုင်သည့် အခြေအနေ မရှိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ ကျနော်တို့ အနေနဲ့ သိပ်ပြီးတော့ စိုးရိမ်စိတ်တော့ မရှိဘူး။ မြေပြင် အခြေအနေမှာ ULA/AA က ရခိုင် တစ်ပြည်လုံးကို ထိန်းချုပ်ထားတဲ့ အနေအထားရှိတယ်။ ALP အနေနဲ့ကတော့ အဖွဲ့အစည်းရယ်လို့ စောစောစီးစီး ပေါ်‌ပေါက်လာပေမယ့်၊ အင်အားက ရာဂဏန်းတောင် မရှိလောက်ဘူး။ အဲဒီလို အခြေအနေမျိုးမှာ ULA/AA က ရခိုင်တစ်ပြည်လုံးမှာ စခန်းတွေ အများကြီး သိမ်းထားတယ်၊ အများကြီးလည်း သူတို့ တည်ဆောက်ထားတယ်၊ နောက်ပြီးတော့ စစ်ကောင်စီ တပ်တွေကိုလည်း ပြင်းပြင်းထန်ထန် အနိုင်ပိုင်းနိုင်တယ်၊ ထိန်းချုပ်နိုင်တယ်၊ အဲဒါမျိုး ကြတော့ ALP မှာ အင်အားမရှိဘူး။ ALP မှာ စခန်းတစ်ခုတောင်မှ ပြည်တွင်းမှာ တည်ဆောက် ထားနိုင်တာ မရှိ ဘူး။ စစ်ကောင်စီနဲ့ ဆိုရင်လည်းပဲ သူတို့ အနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်နေတဲ့ အတွက်နဲ့ သူတို့ အတိုက်အခံ မရှိဘူး။ တိုက်ပွဲတွေလည်း မရှိဘူး။ တချိန်ချိန်မှာ သူတို့ လွှတ်တော်နိုင်ငံရေးထဲကို‌ ရောက်သွားပြီး တော့ပေါ့နော်၊ BGF လို နယ်ခြားစောင့်တပ်ဖွဲ့တွေ အရံတပ်ဖွဲ့တွေတော့ ဖြစ်လာနိုင်တာပေါ့၊ ဒါကြောင့် ပြည်သူ တွေကတော့ ALP နဲ့ ULA ကြားမှာ ဘယ်လိုပဲ စိတ်ဝမ်းကွဲပါစေ၊ ကွဲပြားပါစေ၊ ပြည်သူတွေရဲ့ နှလုံးသားကတော့ ULA ဖက်မှာ ရှိပါတယ်၊ ပြည်သူတွေရဲ့ ‌ထောက်ခံမှု အရရော၊ လက်တွေ့မြေပြင်မှာ အင်အားအရရော ALP က တော့ ULA/AA ကို ဆန့်ကျင်ဘက် ဖြစ်လာပြီဆိုပေမယ့်၊ ပြည်သူဖက်ကတော့ ကွဲထွက်သွားနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ ကျနော်တို့ သတ်မှတ်လို့ ရပါတယ်” ဟု ပြောသည်။

၂၀၁၆ ခုနှစ်၊ဇူလိုင်လက မိုင်ဂျာယန်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

လက်ရှိတွင် ALP ပါတီဝင်များကို ULA/AA မှ ဖမ်းဆီးထားသည်မှာ ခိုင်မြသာ အပါအဝင် ၁၇ ဦး ရှိပြီဖြစ်ကြောင်း ALP က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများမှာ ရက္ခိုင့်တပ်တော် (ULA/AA)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)နှင့် ရခိုင်အမျိုးသားကောင်စီ (ANC/AA) တို့ ဖြစ်သည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး ULA/AA နှင့် ANC/AA တို့သည့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။