CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၁၄

ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို (IB) သည် ယခုသီတင်းပတ် နှောင်းပိုင်း ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (APEC-အေပက်) ထိပ်သီး အစည်းအဝေး(ဖိုရမ်)ကြောင့် ပြည်တွင်းရှိ နိုင်ငံတကာ လေဆိပ် အားလုံး၌ လုံခြုံရေးတင်းကျပ်ထားကြောင်း ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

IB ဗျူရိုအကြီးအကဲ ဒုတိယရဲချုပ် ပက်ဖန်ပီပက်ဆာဂျာပန်က “အာဏာပိုင်များ အနေဖြင့် အဆိုပါ ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးခြိမ်းခြောက်လာ၍ ပြည်ပမှ ဝင်ရောက်လာသူများကို အနီးကပ် စောင့်ကြည့်နေ ကြောင်း” နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက ထိုင်းအာဏာပိုင်များသည် လူဝင်မှုကြီးကြပ်ရေး အမည်ပျက် စာရင်း တွင် ပါရှိသူ ၂ သောင်းကျော် ပြည်တွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

နိုင်ငံခြားသားများကို ထိုင်းလေဆိပ်တွင် စစ်ဆေးနေစဉ် (GETTY IMAGES)

“သံသယဖြစ်စရာ လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို စစ်ဆေးမေးမြန်းပြီး ပြည်နှင်ဒဏ် ပေးသွားမယ်” ဟု ပက်ဖန်ပီပက်က ရှင်းပြသည်။  

IB ဗျူရိုသည် ပြည်တွင်းသို့ ဝင်ရောက်ရန် ကြိုးစားလာနိုင်လာသည့် သံသယရှိသူ (သို့မဟုတ်) သက်ဆိုင်ရာမှ အလို ရှိ နေသည့် ဒုစရိုက်သမားများ၏ နောက်ဆုံး သတင်းအချက်အလက်များ ရရှိနိုင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်လည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထိပ်သီးအစည်းအဝေး ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ လေဆိပ်အသီးသီးရှိ အဝင်အထွက်၌ တိုးပွားလာ သော ခရီးသည်ဦးရေကို စိစစ်နေပြီး သုဝဏ္ဏဘူမိလေဆိပ်ရှိ လူဝင်ကြီးကြပ်ရေး ဂိတ်များတွင် တာဝန်ချထားမည့် လုံခြုံရေးအရာရှိများကို ထပ်မံစေလွှတ်မည်ဟု သိရသည်။

အောက်တိုဘာ ၁၀ ရက်မှ ယခုနိုဝင်ဘာ ၁၂ ရက်အထိ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုဖြင့် နိုင်ငံခြားသား ၇၈၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း၊ ထို့အပြင် ပြည်ပမှ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီး ထားသူ ၁၂၄၉ ဦးအနက် လာအို ၇၇၀ ဦး၊ မြန်မာမှ ၃၄၉ ဦး၊ ကမ္ဘောဒီးယားမှ ၁၀၈ ဦးနှင့် အခြားနိုင်ငံများမှ ၂၂ ဦး တို့ ဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားထားသည်။

Source: Bangkok Post