CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၄

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ပြည်ပခရီးသွား ၂၄ ဒသမ ၁၁ သန်း ရောက်ရှိခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုပမာဏအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပခရီးသွား ဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁ ဒသမ ၁၁ ထရီလျံ ရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ပထမ ၉ လတာ ကာလဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ၂၄,၁၁၅,၃၂၈ ဦး ရောက်ရှိခဲ့ပြီး ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း ထိုင်းတွင် ပြည်ပခရီးသွားများထံမှ ဘတ် ၁,၁၁၃,၇၅၅ သန်း ရရှိခဲ့သော်လည်း ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ယခုနှစ် ပထမ ၉ လတာ ကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မှု အများဆုံး ထိပ်သီး ၁၀ နိုင်ငံမှ ပြည်ပခရီးသွား များမှာ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံ တို့မှ ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်

ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ကျဆင်းသွားသော်လည်း ခရီးစဉ်တစ်ခုလျှင် ခရီးသွားများ၏ ပျမ်းမျှ အသုံးစရိတ်သည် တိုးလာခဲ့သည်။

ယခုနှစ်အတွင်း ခရီးစဉ် တစ်ခုချင်းစီတွင် လူတစ်ဦးအလိုက် ပျမ်းမျှ အသုံးစရိတ်မှာ ဘတ်ငွေ ၄၆,၀၀၀ ရှိပြီး ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်လာသည်။

ပြည်ပခရီးသွား လုပ်ငန်းအပြင် ပြည်တွင်းခရီးသွား လုပ်ငန်းမှာမူ တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ပြည်တွင်းခရီးသွား ၁၄၈ ဒသမ ၇ သန်း ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူက ပြည်တွင်းခရီးသွား အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ဘတ် ၈၅၄,၃၅၁ သန်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၄ ဒသမ ၃၃ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: The Nation