CNI International News
ဘန်ကောက်၊ ဧပြီ ၉
ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) သည် အမေရိကန် အကောက်ခွန် မူဝါဒအသစ်၏ သက်ရောက်မှု အခြေအနေကို စောင့်ကြည့်နေပြီး ဆမူအီ (Samui) ကျွန်းမှ ခရီးသွားလုပ်ငန်းများက ခရီးသွား ကဏ္ဍမှ ဝင်ငွေများ ဆုံးရှုံးနိုင်မည့် အရေးကို စိုးရိမ်နေကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဆမူအီနှင့် ဖူးခက် (Phuket) ကျွန်းများပေါ်၌ ရိုက်ကူးခဲ့သည့် The White Lotus အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ ကြောင့် ဆမူအီကျွန်းသည် ခရီးသွားများအကြား ရေပန်းစားလာခဲ့သော်လည်း ယခုနှစ်တွင် ယခင်နှစ်ကလောက် ဝင်ငွေရရှိဖွယ်မရှိကြောင်း TAT ၏ ဒုဥက္ကဋ္ဌ ရတ်ချာပွန်း ပူလ်ဆာဝါဒီ (Ratchaporn Poolsawadee) က ပြောကြား ခဲ့သည်။
အမေရိကန်၏ ကုန်သွယ်ခွန် ကောက်ခံမှုများကြောင့် အမေရိကန်တွင် စားဝတ်နေရေးအတွက် ကုန်ကျစရိတ် ပိုမို မြင့်တက်လာသဖြင့် အမေရိကန်ပြည်သူများသည် ခရီးသွားရာတွင် သုံးစွဲမည့် ငွေကြေးများအား လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူရန်အတွက်သာ သုံးစွဲဖွယ်ရှိသည်ဟု ခိုစမူအီ (Koh Samui) ခရီးသွားအသင်း၏ ဥက္ကဋ္ဌ ဟောင်းဖြစ်သည့် ရတ်ချာပွန်းက ပြောကြားခဲ့သည်။
ဆမူအီ (Samui) ကျွန်းမှ ခရီးသွားတစ်ဦးကိုတွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ဖြစ်သည့် (USAID) ကို ဆိုင်းငံ့လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံတွင် ကာလကြာရှည် နေထိုင်သည့် USAID ဝန်ထမ်းများ သည် ထိုင်းမှ ပြန်လည်ထွက်ခွာသွားမှု အပါအဝင် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍသည် ထိခိုက်နစ်နာ မှုများနှင့် ဆက်တိုက် ကြုံတွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။
သို့သော်လည်း ထိုင်းနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကုန်ကျစားရိတ် သက်သာစွာဖြင့် ကောင်းမွန်စွာ နေထိုင်နိုင်မည့် နေရာများတွင် အခြေချနေထိုင်လိုသည့် ပြည်ပနိုင်ငံသားများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မစ္စတာ ရက်ချာပွန်းက ပြောသည်။
ကုန်သွယ်ခွန်များ မြင့်မားခြင်းကြောင့် အမေရိကန်တွင် စားဝတ်နေရေးအတွက် ကုန်ကျစရိတ်များ ပိုမို မြင့်တက်လာနိုင်သဖြင့် ပြည်ပနိုင်ငံများသို့ ခရီးထွက်ရန် ပြင်ဆင်နေသည့် ခရီးသွားများအပေါ် သက်ရောက်မှု ရှိနေသည်ဟုလည်း TAT က ပြောကြားခဲ့သည်။
ဆမူအီ (Samui) ကျွန်းမှ ခရီးသွားတစ်ဦးကိုတွေ့ရစဉ်
မတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံသို့ လာရောက်သည့် အမေရိကန် ခရီးသွား အရေအတွက်သည် ၃၂၀,၆၃၁ ဦးရှိပြီး ပြီးခဲ့သည့် နှစ်ကထက် ၁၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်က ထိုင်းနိုင်ငံသို့ လာရောက်သည့် အမေရိကန် ခရီးသွား အရေအတွက် ၁ ဒသမ ၀၃ သန်းကျော်ရှိခဲ့ပြီး ထိုအရေအတွက်သည် စံချိန်တင် အများဆုံးဖြစ်ခဲ့သည်။
လက်ရှိတွင် အမေရိကန်ရှိ TAT ရုံးခွဲများသည် လာမည့်လ အနည်းငယ်အတွင်း စျေးကွက်များ၏ အခြေအနေကို ခန့်မှန်းရန်အတွက် ခရီးသွားများ၏ သဘောထားများကို လေ့လာစောင့်ကြည့်နေသည်။
Source: ဘန်ကောက်ပို့စ်