CNI International News

ပေကျင်း၊ အောက်တိုဘာ ၁၉

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အား လာမည့်နှစ်တွင် ထိုင်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ပူတင်သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး ပြတ်တောက်ခဲ့ကာ မဟာမိတ်နိုင်ငံ အနည်းငယ်နှင့်သာ ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။

ယူကရိန်းမှ ထောင်နှင့်ချီသည့် ကလေးများကို နယ်နှင်ခဲ့သည်ဆိုသည့် စွဲချက်များကြောင့် ပူတင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က ဖမ်းဝရမ်း ထုတ်ခဲ့သည်။

ထိုင်းနိုင်ငံရှိ ဖူးခက်ကျွန်းကို တွေ့ရစဉ် 

ICC Rome Statute အဖွဲ့ဝင် မဟုတ်သည့် ထိုင်းနိုင်ငံသည် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

ဆရီသာနှင့် ပူတင်တို့သည် အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းက ဘေဂျင်းတွင် ပြုလုပ်သည့် တရုတ်၏ Belt and Road ဖိုရမ်၌ တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေးများကို မြှင့်တင်ရန် ဆွေးနွေးခဲ့သည်။

"ကျနော် သူ့(ပူတင်)ကို နောက်နှစ်ထဲမှာ ထိုင်းကို လာလည်ဖို့ ဖိတ်ကြားထားပါတယ်။ သမ္မတပူတင်ဟာ ဖူးခက် (Phuket) ကို နှစ်သက်ပြီး မကြာခဏ လာရောက်လေ့ရှိတာ ကျနော် သိပါတယ်" ဟု ဆရီသာက ထိုင်း၏ အပန်းဖြေ ကျွန်းဖြစ်သည့် ဖူးခက်ကို ရည်ညွှန်းပြောကြားခဲ့သည်။

ထိုင်းအစိုးရက ထုတ်ပြန်ချက်တွင် ပူတင်သည် ဆရီသာ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သော်လည်း ထိုင်းသို့ မည်သည့် အချိန်တွင် လာရောက်မည်ကို ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ဖော်ပြခဲ့သည်။ 

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တွေ့ရစဉ်

၎င်းတို့နှစ်ဦး၏ အစည်းအဝေးအတွင်း ပူတင်က တည်ငြိမ်မှုမရှိသည့် နိုင်ငံတကာ အခြေအနေများကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကျဆင်းမှုကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု ရုရှား၏ တာ့စ် သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ 

ထိုင်းသည် မကြာသေးမီက ရုရှားနိုင်ငံသားများအတွက် ဗီဇာ အစီအစဉ်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

ရုရှားနိုင်ငံသားများကို ထိုင်းတွင် နေထိုင်ခွင့်ကာလအား ယခင်က ရက်ပေါင်း ၃၀ သတ်မှတ်ပေးခဲ့ရာမှ ယခုအခါ တွင် ၃ လအထိ တိုးမြှင့်ပေးခဲ့သည်။

ယခုနှစ်အတွင်း ရုရှားနိုင်ငံသား တစ်သန်းကျော်သည် ခရီးသွားလုပ်ငန်းကို မှီခိုသည့် ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြသည်။

Source: ဘန်ကောက်ပို့စ်