CNI International News
ဘန်ကောက်၊ ဧပြီ ၇
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)က အစိုးရအနေဖြင့် လတ်တလော ငလျင်ဘေးနှင့် အမေရိကန်ကုန်သွယ်ရေး မူဝါဒများ၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု ထိုင်းပြည်သူများကို အာမခံပြောကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံသည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဘေးနှင့် ထိုင်းကုန်ပစ္စည်းများအပေါ် အပြန်အလှန် အကောက်ခွန် ၃၇ ရာခိုင်နှုန်း ကောက်ခံမည်ဆိုသည့် အမေရိကန်၏ ကြေညာချက် အပါအဝင် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
လူ့အသက်များနှင့် အိုးအိမ် အဆောက်အအုံများကို သိသိသာသာ ပျက်စီးစေခဲ့သော ငလျင်နှင့်ပတ်သက်ပြီး အစိုးရ အနေဖြင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ဒုက္ခကို လျော့ပါးသက်သာစေရန် တတ်နိုင်သမျှ အားလုံးဆောင်ရွက် ပေးမည်ဟု ပေတုန်တန်က ကတိပြုခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခွန်တိုးကောက်မည့် နိုင်ငံများကို ကြေညာနေစဉ်
“ကျမတို့တွေ အရင်တုန်းက နိုင်ငံနဲ့ပတ်သက်ပြီး အကျပ်အတည်းတွေ အတော်များများကို ကျော်လွှားခဲ့ပါတယ်။ ကျမတို့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု၊ ကူညီထောက်ပံ့မှုနဲ့ သနားကြင်နာမှုတွေနဲ့အတူ ဒီအကျပ်အတည်း ကိုလည်း ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
အမေရိကန်ကုန် သွယ်ရေး မူဝါဒများနှင့်ပတ်သက်ပြီး အခြားနိုင်ငံ အများအပြားကလည်း အလားတူ အခြေအနေ မျိုးနှင့် ရင်ဆိုင်နေရကာ သက်ရောက်မှုများကို လျော့နည်းစေရန် စီမံချက်များ လုပ်ဆောင်နေကြောင်း ပေတုန်တန် က ဆိုသည်။
အမေရိကန်အစိုးရနှင့် စေ့စပ်ဆွေးနွေးရန် နိုင်ငံအများအပြားက စီစဉ်နေကြကြောင်း၊ အမေရိကန်၏ မူဝါဒများ သည် ထိုင်းပို့ကုန်များ အထူးသဖြင့် လျှပ်စစ်ပစ္စည်း၊ ပြုပြင်ထားသော အစားအစာများနှင့် လယ်ယာထွက်ကုန်များ အပေါ် သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထိုင်းအစိုးရသည် ထိုင်းပို့ကုန်များအပေါ် ကုန်သွယ်မှု မူဝါဒများ၏ အကျိုးသက်ရောက်မှုများကို လျှော့ချရန် နည်းလမ်းများ အဆိုပြုရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် အမေရိကန် ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် ဇန်နဝါရီ ၆ ရက်တွင် လုပ်ငန်းတာဝန်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ပေတုန်တန်က မှတ်ချက်ပြုခဲ့သည်။
လာမည့် သီတင်းပတ်တွင် ဘဏ္ဍာရေးဝန်ကြီး ပီချိုင်းချွန်ဟာဗာဂျီရာ(Pichai Chunhavajira)သည် အမေရိကန်၏ ကုန်သွယ်မှု မူဝါဒတွင် သိသာထင်ရှားသော အပြောင်းအလဲများနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အခြားသက်ဆိုင်သူများ အပါအဝင် အကြောင်းအရာ အများအပြားကို ဆွေးနွေးရန် အမေရိကန်သို့ သွားရောက်မည်ဖြစ်သည်။
“ထိုင်းနိုင်ငံဟာ ပို့ကုန်တင်ပို့သူ တစ်ဦးဖြစ်ရုံသာမကဘဲ ယုံကြည်စိတ်ချရပြီး ကာလကြာရှည် စီးပွားရေး မိတ်ဖက် ဖြစ်တယ်ဆိုတာ အမေရိကန်မိတ်ဖက်တွေ ရှင်းရှင်းလင်းလင်း သိသွားအောင် ဆောင်ရွက်သွားမှာပါ” ပေတုန်တန် က ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံသည် အမေရိကန်တွင် ထိုင်းရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် သွင်းကုန် အတားအဆီးများကို လျှော့ချရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation