CNI International News

ကွာလာလမ်ပူ၊ ဧပြီ ၇

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) သည် အမေရိကန်၏ အခွန်တိုးကောက်မှုနှင့်ပတ်သက်ပြီး အဖွဲ့ဝင် ၅ နိုင်ငံဖြင့် ဆွေးနွေးခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ စင်္ကာပူနိုင်ငံ၊ မလေးရှားတို့၏ ခေါင်းဆောင်များဖြင့် ဆွေးနွေးခဲ့ကြောင်း မတ်လ ၅ ရက်က ၎င်း၏ Facebook page တွင် တင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အပြန်အလှန် အကောက်ခွန်ဆိုင်ရာ အစီအမံများကို ပူးတွဲတုန့်ပြန်ရေးအတွက် အမြင်ချင်းဖလှယ်ရန် ရည်ရွယ်ပြီး ဖုန်းဆက်သွယ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်နယ်ထရမ့် အခွန်တိုးကောက်မည့် နိုင်ငံစာရင်းကို ကြေညာစဉ်

အာဆီယံဥက္ကဋ္ဌ နေရာကို ရရှိထားသည့် မလေးရှားသည် အာဆီယံ-အမေရိကန် ဆွေးနွေးပွဲများ အပါအဝင် နိုင်ငံတကာ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုတွင် တရားမျှတမှုနှင့် တန်းတူညီမျှမှုဆိုင်ရာ အခြေခံမူများ ချမှတ်ရန် အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီမှုရရှိရန် ကြိုးပမ်းလျက်ရှိသည်။

လာမည့် သီတင်းပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုကိစ္စ နှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့‌နောက် အဖွဲ့ဝင် နိုင်ငံအားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းများကို ရှာဖွေသွားမည် ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။ 

ဧပြီ ၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည်  နိုင်ငံအသီးသီးမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အပြန်အလှန် စည်းကြပ်ခွန် အသစ်များ ကောက်ခံမည်ဟု ကြေညာပြီးနောက် အရှေ့တောင် အာရှနိုင်ငံများသည် ကြီးလေးသော အကောက်ခွန် နှုန်းထားများနှင့် ရင်ဆိုင်နေရသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်

မကြာသေးမီက ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် အမေရိကန်၏ အခွန်တိုးကောက်မည့် အစီအစဉ်ကြောင့် သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် အစီအစဉ်များကို အကောင်အထည်ဖော်ပြီး နည်းလမ်းများ ရှာဖွေရန် ကြိုးပမ်းခဲ့ကြသည်။

ထရမ့်ကမူ သူသည် ဗီယက်နမ်သမ္မတ တိုလမ် (To Lam) နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း လူမှုမီဒီယာမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ ဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည် ဖော်ရန်အတွက် တိုလမ်သည် အမေရိကန်၏ စည်းကြပ်ခွန်များကို လျှော့ချပေးစေလိုကြောင်း ပြောကြားခဲ့သည်ဟု ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) ကလည်း အမေရိကန်ကို ပေးဆောင်ရမည့် အခွန်နှုန်းထား ကို အရေးပေါ် စေ့စပ်ညှိနှိုင်းရန်နှင့် အခွန်တိုးမြှင့် ကောက်ခံမှုကို ဆိုင်းငံ့ပေးထားရန် ထရမ့်အား စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။

Source: The Nation