CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၃၀

ကမ္ဘာ့ထိပ်တန်း သံတမန်များဖြစ်ကြသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေး ဝမ်ယိ တို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့၌ ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၅ ရက်အထိ ကျင်းပနေသည့် အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည်ဟု ဖနွမ်ပင်ပို့စ်က ဖော်ပြထားသည်။

“ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အစည်းအဝေးကို တရုတ်နဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ကြမှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နရီ (Chum Sounry) က ဇူလိုင် ၂၈ ရက်၌ ဖနွမ်ပင်ပို့စ်သို့ အတည်ပြု ပြောကြားခဲ့သည်။

“မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစည်းအဝေးသတ်မှတ်ရက် နီးကပ်လာချိန်၌ အမေရိကန်နိုင်ငံကို ကိုယ်စားပြုမည့်အရာရှိတစ်ဦးကို တရားဝင်ကြေညာသွားမည်” ဟု ဖနွမ်ပင်မြို့ရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင်နီအာဇက် (Stephanie Arzate) က ဇူလိုင် ၂၈ ရက်၌ ဖနွမ်ပင်ပို့စ်သို့ ပြောကြားခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုပါ လျော့ပါးစေခြင်း (သို့မဟုတ်) အခြားစီးပွားရေးနှင့် စစ်ရေး အကူအညီများကို ရုရှားထံသို့ တရုတ် ပေးအပ်ရင်း ယူကရိန်း အကျပ်အတည်းသို့ ဘေဂျင်း ပါဝင်လာမည့် အရေးကို အမေရိကန်က မမြင်တွေ့လိုကြောင်း ကမ္ဘောဒီးယား ပြည်သူ့ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ယန်ကင်မ်အင်း (Yang Kim Eng) က သုံးသပ်ပြသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

အလားတူ ထိုင်ဝမ်နှင့် အငြင်းပွားမှုတွင်လည်း အမေရိကန် ဝင်ရောက်စွက်ဖက်နေခြင်းကို တရုတ်က မမြင်တွေ့လိုကြောင်း ၎င်းက ဆက်လက် သုံးသပ်ပြသည်။

အထူးသဖြင့် ယူကရိန်းစစ်ပွဲ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် အခြားအငြင်းပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့အသီးသီး၏ နိုင်ငံခြားရေးမူဝါဒများကို ထောက်ခံမှုရရှိစေဖို့ အမေရိကန်နှင့် တရုတ်တို့က ယခုအစည်းအဝေးတွင် ကြိုး ပမ်း သွားကြမည်ဖြစ်ကြောင်း၊ အာဆီယံအပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးစေရေးလည်း ပါဝင်မည်ဖြစ်ကြောင်း ယန်ကင်မ်အင်း က ပြောကြားခဲ့သည်။

“အာဆီယံဒေသတွင်းမှာ ဩဇာလွှမ်းမိုးဖို့ သူတို့ပြိုင်ဆိုင်မှုဟာ နောင်အကြာကြီး ဆက်ရှိနေဦးမယ့် ပြိုင်ပွဲတစ်ခု ဖြစ်ပေမယ့်လို့ ဒီအသင်း ဆက်ပြီး မရပ်တည်နိုင်လောက်အောင် စူပါပါဝါနှစ်နိုင်ငံအပေါ် သစ္စာစောင့်သိမှု(ဘက်လိုက်မှု)တွေ ကွဲပြားသွားရင် တော့ အာဆီယံအတွက် ပြဿနာရှိလာနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုအစည်းအဝေးတွင် ဘလင်ကင်သည် အာဆီယံအတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးများကို ဆွေးနွေးလိုပြီး နိုင်ငံတကာမျက်နှာစာတွင် အာဆီယံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အထူးအာရုံစိုက် သွားမည်ဖြစ်ကြောင်း ယန်ကင်မ်အင်းက မှတ်ချက်ချခဲ့သည်။

Source: Phnompenh Post