CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအားကို ဖြည့်တင်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ သကြားကို တင်သွင်းလိုကြောင်း ဆွေးနွေးလာမှုများ ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်မှသာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လာမည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည်ဆိုပါက ပြည်တွင်းစားသုံးမှု ပမာဏကို တွက်ချက်၍ ပိုလျှံသည့် ပမာဏကိုသာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆွေးနွေးလည်း လာမယ့်နှစ်မှ ရောင်းနိုင်မှာပါ။ ဒီနှစ်တော့ မရှိဘူး။ ဗီယက်နမ်ကတောင်မှ ထပ်ဝယ်ချင်လို့ ဆိုပြီးတော့ စာတွေဝင်နေတယ်။ ဒီဘက်က မရောင်းပေးနိုင်ဘူး။ ဒီဘက်က ပြည်တွင်းက ဖူလုံဖို့ရယ်၊ ပြည်တွင်း ဈေးကလည်း နည်းနည်းမြင့်နေတာရယ်၊ ဖူလုံဖို့လည်း လိုတယ်။ နောက်တစ်ခုက လာမယ့်နှစ်မှ စက်တွေလည်း တိုးမှာလေ။ ဈေးကိုက်ရင်တော့ သွားနိုင်ခြေ ရှိပါတယ်။ ဈေးကွက်က အများကြီး တိုးပြီးတော့ ရောင်းချနိုင်တယ်။ ပြည်တွင်းလည်း စားသုံးမှု ဖူလုံအောင်တော့ ထိန်းချုပ်ရမှာပေါ့နော်။ ဘယ်လောက် ထုတ်လုပ်တယ်၊ ဘယ်လောက် စားသုံးတယ်၊ ဘယ်လောက် ပိုလျှံတယ်ဆိုတဲ့ ဒေတာတစ်ခုတော့ အခုတော့ တွက်ချက်ရမယ့် အနေအထားတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းက ဘယ်လောက်ထုတ်လုပ်မလဲ၊ ပြည်တွင်းက ဘယ်လောက် စား သုံးမလဲ၊ ဘယ်လောက် တင်ပို့ရောင်းချမလဲ အဲဒီကိုတာပဲ ရောင်းလို့ရမှာပေါ့။ သူတို့ဝယ်မယ့် ပမာဏက ဘယ်လောက်လဲဆိုတာ မသိရသေးဘူးလေ”ဟု ပြောသည်။

သကြားအိတ်များ သယ်နေကြစဉ်

ထို့နောက် ပြည်ပက တစ်လလျှင် တန်ချိန် ၂၀၀၀၀ (တစ်သောင်း)လိုအပ်ပါက ရောင်းချနိုင်ခြေ နည်းကြောင်း ဦးဝင်းဋ္ဌေးက ဆက်ပြောသည်။

၎င်းက “ ဥပမာ သူတို့က ၁ လကို တန် ၁ သောင်းလောက်ဆိုရင်တော့ ကျနော်တို့က သိပ်ဖြစ်နိုင်ခြေ နည်းတာ ပေါ့နော်။ ဥပမာ ဗီယက်နမ်ကလည်း တန် ၁ သောင်းလိုချင်တယ်။ တခြားနိုင်ငံကလည်း တန် ၁ သောင်းလိုချင် တယ်။ ၁ လကို ပြည်ပက တန် ၂ သောင်း လိုအပ်ချက် ရှိတယ်ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ပြည်ပကို အဲဒီလောက်ထိ ရောင်းချနိုင်တဲ့ ပမာဏတော့ မရှိသေးဘူးလို့ မြင်ပါတယ်။ ထုတ်လုပ်မှုတွေ များလာမှာပေါ့နော်။ နောက်တစ်ခုကလည်း ကျနော်တို့ ပြည်တွင်းစားသုံးမှုကလည်း တိုးလာတာလေ။ တိုးလာတဲ့အတွက် ကျနော်တို့က ဒါလည်း ချင့်ချိန်ရမှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ထွက်ရှိသည့် သကြားကို ပြည်တွင်းစားသုံးမှုအား ဖြည့်တင်းပြီးသည့်အခါ ပိုလျှံသော သကြားများကို ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ခြင်း ဖြစ်သည်။

ပြည်တွင်း စားသုံးမှုအနေဖြင့် တန်ချိန် ၃ သိန်းခွဲခန့်ရှိပြီး ပြည်ပသို့ တန်ချိန် ၇ သောင်းကျော် တင်ပို့နေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

သကြားအိတ်များ သိုလှောင်ထားစဉ်

ယခုနှစ်တွင် ကြံတစ်တန် ဈေးနှုန်းသည် ၁၁၀,၀၀၀ ကျပ် ဖြစ်နေခြင်းကြောင့် လာမည့်နှစ်တွင် တောင်သူများ အနေဖြင့် ကြံကို ပိုမိုစိုက်ပျိုးလာမည် ဖြစ်ကြောင်း၊ သကြားများ ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဆိုပါက တောင်သူများ အတွက် ကြံဈေးနှုန်း ကောင်းမွန်လာမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေ က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနှစ် စိုက်ပျိုးမှုတွေ တိုးတယ် ကြံတောင်သူတွေက။ စက်ရုံတွေကလည်း စိုက်ပျိုးစရိတ်ချေးငွေ ချေးပေး တာကိုး။ မနှစ်ကထက် ဒီနှစ် တိုးတာပေါ့။ ပြီးတော့ ကြံတစ်တန်ကလည်း ၁၁၀,၀၀၀ ဆိုတော့ အခု လာမယ့်နှစ်ကို စိုက်မှာက ပိုပြီးတော့ များမယ်။ တော်တော်များတာပေါ့နော် စိုက်ပျိုးဧကပေါ့။ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း လောက် တိုးလာမှာ။ ပြည်တွင်း တကယ်တမ်း ထွက်မယ်ဆိုရင် ပြည်ပထွက်မှ ဖြစ်မှာ။ ဘာလို့လဲဆို ပြည်တွင်း စားသုံးမှုနဲ့ဆိုရင် မြန်မာပြည်ထွက်တဲ့ သကြားက မြန်မာပြည်သုံးတာနဲ့ မကုန်ဘူး။ ပြည်ပထွက်တယ်ဆိုရင် ဈေး ကောင်းပြီလေ။ ဈေးကောင်းတော့ စက်ရုံလည်း တောင်သူကို ပေးတယ်။ စက်ရုံတွေကလည်း ပြည်ပငွေ ရတယ် ဆိုတော့ ဈေးနှုန်း ပေးနိုင်တာပေါ့နော်။ ဈေးနှုန်းပေးနိုင်တော့ တောင်သူတွေအတွက် ပိုကိုက်တာပေါ့” ဟု ပြော သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာ့သကြား ဝယ်ယူလိုခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းတို့ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

ယခုနှစ်တွင် ပြည်ပသို့ သကြားတင်ပို့သည့် ကာလသည် ကုန်ဆုံးနေပြီဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ကြံစိုက်ပျိုးမှု တိုးလာနိုင်သလို သကြားထုတ်လုပ်မှုလည်း ယခင်နှစ်များထက် ပမာဏ တိုးလာမည် ဖြစ်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့သကြား ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။