CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅

ထိုင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်အား ရက်ချိန်းယူရန် မလိုအပ်ဘဲ ကိုယ်တိုင်လာရောက် ပြုလုပ်ရာ၌ တစ်ရက်လျှင် လက်ခံဆောင်ရွက်ပေးမည့် လူဦးရေပမာဏအား ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ရက်ချိန်းမလိုအပ်တော့ဘဲ ကိုယ်တိုင်လာရောက် ပြုလုပ်နိုင်ခြင်း စနစ်သည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကောင်းမွန်သော်လည်း အားနည်းချက်၊ အားသာချက်များရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။

ရွှေ့ပြောင်းအလုပ်သမားအရေးကူညီ‌ဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ရက်ချိန်းမလိုဘဲနဲ့ ပတ်စပို့လျှောက် လို့ရတယ်ဆိုတာက သိပ်ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီနေရာမှာ လာလျှောက်တဲ့သူတွေကို ရက်ချိန်းမလိုဘူးဆိုပြီးတော့ စာထုတ်လိုက်တဲ့ဌာနက တစ်ချိန်တည်း သူထုတ်ပေးနိုင်လား ရိုက်ပေးနိုင်လားပေါ့။ ဒါကိုရိုက်ပေးပြီးမှ ထုံးစံအတိုင်း နှစ်ပတ် သို့မဟုတ် ၁၅ ရက်နောက်ပိုင်းမှာ စာအုပ်ပြန်လာယူဖို့ စလစ်ထုတ်ပေး နိုင်တဲ့အထိ သူ့ဘက်က ဝန်ဆောင်မှုပေးနိုင်သလားပေါ့။ ဒါကိုလည်း စောင့်ကြည့်ရမှာပေါ့။ ထိုင်းတစ်နိုင်ငံလုံးမှာ မြန်မာနိုင်ငံသား ပတ်စပို့ကိုင်ဆောင်ထားသူက သန်းချီရှိတာလေ။ ဗီဇာသက်တမ်း နိုဝင်ဘာမှာ ပြည့်မယ့်သူဟာ လည်း ခြောက်သိန်းကျော်လောက်ရှိတယ် ၄ နှစ်ပြည့်မယ့်သူတွေ။ ဒီစာအုပ်ကို ကာယကံရှင်ကိုယ်တိုင် လာပြီး တော့ လျှောက်ခွင့်ရှိတယ်ဆိုတဲ့နေရာမှာ ဘာကြောင့်အရေအတွက် မသတ်မှတ်ပေးတာလည်းပေါ့။ ထုတ်လိုက် တဲ့စာထဲမှာ တစ်ရက်ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက စာအုပ်ကို အရေအတွက် ဘယ်လောက် ထုတ်ပေးမလဲ ဆိုတဲ့ ကြေညာချက်တွေ ထုတ်ပေးဖို့လိုအပ်တယ်ပေါ့။ ပြီးတော့ ကုန်ကျစရိတ်တွေကို နိုင်ငံတော်က သတ်မှတ် ထားတဲ့ တည်ဆဲဥပဒေက သတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်းသွားမှာလား ဒါမျိုးတွေကို စာထုတ်သင့်တာပေါ့” ဟုပြောသည်။

ဘန်ကောက်ရှိ မြန်မာသံရုံးအနေဖြင့် ယခုအခါတွင် ရက်ချိန်းတိုကင် ရယူသူအရေအတွက်မှာ အလွန်နည်းပါး သွားပြီဖြစ်၍ စက်တင်ဘာ ၂ ရက်နေ့မှ စတင်ကာ ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့မြင်ကွင်း

ထို့ကြောင့် PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူများ၊ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းကုန်ဆုံးမည့် မြန်မာနိုင်ငံသားများအတွက် ရက်ချိန်းယူရန် မလိုအပ်ဘဲ ကိုယ်တိုင်လာရောက် ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုသို့ ရက်ချိန်းမလိုအပ်ဘဲ လူကိုယ်တိုင် နိုင်ငံကူးလက်မှတ်လာရောက် ပြုလုပ်နိုင်ခြင်းတွင် ထိုင်းနိုင်ငံရှိ နယ် ဒေသများ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အနည်းငယ် အခက်အခဲရှိနိုင် ကြောင်း Labour Rights Foundation မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

“ရက်ချိန်းယူပြီးမှ သတ်မှတ်တဲ့ရက်ကြမှ ပြန်လာထုတ်ဆိုတာကလည်း သူတို့လုပ်ပေးနိုင်တဲ့စွမ်းအား အဲဒီ‌ လောက်ပဲရှိလို့ အဲဒီလိုဖြစ်တာပါ။ အခုလို တိုက်ရိုက်လာပြီး တိုက်ရိုက်လုပ်တာဆိုတာမျိုးကတော့ နယ်မြေတွေ ဝေးတဲ့သူတွေအတွက်တော့ နည်းနည်းခရီးသွားလာရ အခက်အခဲလေး ရှိသွားမှာပေါ့။ သို့သော် ဟိုအရင်တုန်း ကလို ၈ လတို့ ၆ လတို့ ၉ လတို့ အဲဒီလိုကြာနေတာမျိုးထက်စာရင် အခုလို လွယ်လင့်တကူ ဖြစ်အောင် လုပ်ပေး နိုင်ဖို့ဆိုတာက သူတို့ဘက်က တော်တော်လေးကို အားထုတ်ပြင်ဆင်ထားခြင်းလို့ ခန့်မှန်းတွက်ချက်လို့ ရပါတယ်။ နဂိုတုန်းကတော့ ဒီပွဲစားတွေနဲ့ အလုပ်သမားတွေက လျှောက်နေကြတာပေါ့။ အဲဒါ ခက်ခဲတဲ့ကာလပေါ့။ အခု ဟာကတော့ လုပ်သားတွေအတွက် ကောင်းတဲ့လက္ခဏာတစ်ရပ်ပေါ့။ အပိုဝင်ငွေ ပေးဆောင်စရာမလိုတဲ့ အနေ အထားဖြစ်သွားမှာပေါ့။ ပွဲစားတွေပါ ဝင်ပတ်သက်မှုကလည်း အနည်းငယ်လျော့ကျသွားမယ်လို့ ထင်တာပေါ့။ လုံးဝကြီးပပျောက်မှာ‌တော့မဟုတ်ဘူး။ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီတဲ့ အလုပ်သမားတွေကြားမှာက ဘယ်အလုပ် ကိုပဲလုပ်လုပ် အကျိုးတော်ဆောင်ဆိုတဲ့ ပွဲစားတွေက ပတ်သက်နေတဲ့အတွက်ကြောင့် ရှိနေဦးမယ်လို့ သုံးသပ် ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် အမည်စာရင်းတင်သွင်းထားပြီးသည့် ရွှေ့ပြောင်းအလုပ်သမားများအား စက်တင်ဘာ လကုန်အထိ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေးထားပြီး MOU အလုပ်သမားများအနေဖြင့် သက်တမ်းတိုးရေးအတွက် မြဝတီနှင့်ကော့သောင်းမြို့များသို့ ပြန်လည်ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးသွား ရန် လုပ်ဆောင်လျက်ရှိသည်။