CNI International News

တိုကျို၊ စက်တင်ဘာ ၅

တရုတ်ကုမ္ပဏီများသည် ခေတ်မီနည်းပညာပစ္စည်းများ၊ လျှပ်စစ်ကားများနှင့် အခြား အဓိက ထုတ်ကုန်များနှင့် ဝန်ဆောင်မှု ၁၆ မျိုးအတွက် ဈေးကွက်များအတွင်း ၎င်းတို့၏ တည်ရှိမှုကို ချဲ့ထွင်ခဲ့သည်ဟု Nikkei Asia က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
အမေရိကန်နှင့် အခြားနိုင်ငံများသည် ပြည်တွင်းလုပ်ငန်း ကာကွယ်ရေး အစီအမံများဖြင့် ၎င်းတို့၏ စီးပွားရေး လုံခြုံမှုကို စိတ်ချသေချာအောင် လုပ်ဆောင်ရန် ကြိုးပမ်းနေသည်။

ထိုသို့ ကြိုးပမ်းနေသည့်တိုင် အမေရိကန်နှင့် အခြားနိုင်ငံများသည် လျှပ်စစ်ကားများနှင့် အခြားထုတ်ကုန်များ အတွက် တရုတ်၏ ထောက်ပံ့ရေး ကွင်းဆက်အပေါ် မှီခိုအားထားမှုကို လျှော့ချရန် အခက်တွေ့နေ ကြသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလှု ပ်ရှားမှုအတွက် မရှိမဖြစ်လိုအပ်သည့် အချောသတ် ထုတ်ကုန်များ၊ ဝန်ဆောင်မှု များ၊ အဓိက အစိတ်အပိုင်းများနှင့် ပစ္စည်းကိရိယာ ၆၃ မျိုးအတွက် ဈေးကွက်များ၏ ခွဲတမ်းများကို Nikkei က လေ့လာခဲ့သည်။

 BYD ကား ကုမ္ပဏီကို တွေ့ရစဉ်

ထိုနယ်ပယ် တစ်ခုချင်းစီ၏ ဈေးကွက်များတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ထိပ်သီးကုမ္ပဏီ ၅ ခုအနက် တရုတ်ကုမ္ပဏီများသည် ၂၀၂၂ ခုနှစ်အတွင်း လျှပ်စစ်ကားများ၊ ဘက်ထရီများ၊ LCD ပြားများ၊ အခြား အဓိက ထုတ်ကုန်များနှင့် ဝန်ဆောင်မှု ဈေးကွက်များတွင် ၎င်းတို့၏ ချုပ်ကိုင်ထားမှုအား ၂၀၂၁ ခုနှစ်ကထက်ပိုပြီး ချဲ့ထွင်ခဲ့သည်ကို တွေ့ရှိခဲ့သည်။

ထို့ပြင် အဆိုပါဈေးကွက်များ၏ ဈေးကွက် ၁၃ ခုတွင် တရုတ်ကုမ္ပဏီများက ၃၀ ရာခိုင်နှုန်းကျော်အထိ လွှမ်းမိုး ချုပ်ကိုင်ခဲ့သည်။ အထူးသဖြင့် တရုတ်ကုမ္ပဏီများသည် လျှပ်စစ်ကားများနှင့် ဆက်နွှယ်သည့် ဈေးကွက်များတွင် သိသာထင်ရှားစွာ လွှမ်းမိုးနိုင်ခဲ့သည်။

အမေရိကန်၏ Tesla ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်အတွင်း လျှပ်စစ်ကားဈေးကွက်ကို ၁၈ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ကုမ္ပဏီ တစ်ခုချင်းစီအလိုက် ဈေးကွက်အများဆုံး ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း တရုတ်ကုမ္ပဏီ သုံးခုပေါင်း၏ လျှပ်စစ်ကားဈေးကွက် ထိန်းချုပ်မှု ရာခိုင်နှုန်းသည် ၂၇ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး Tesla ကုမ္ပဏီထက် ပိုမိုများပြား ခဲ့သည်။

Tesla ကားကုမ္ပဏီကို တွေ့ရစဉ်

ယခုနှစ်အတွင်း လျှပ်စစ်ကားဈေးကွက်တွင် Tesla ကုမ္ပဏီ၏ ထိန်းချုပ်မှုသည် ၂၀၂၁ ခုနှစ်ကထက် ၃ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ချိန်တွင် တရုတ်၏ BYD ကုမ္ပဏီသည် လျှပ်စစ်ကားဈေးကွက်တွင် ထိန်းချုပ်မှုသည် ၆ ဒသမ ၉ ရာခိုင်နှုန်းမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး Tesla ပြီးလျှင် ဒုတိယမြောက် ဈေးကွက် ထိန်းချုပ်မှု အများဆုံး ကုမ္ပဏီ ဖြစ်ခဲ့သည်။ 

လျှပ်စစ်ကားများနှင့် အခြား ထုတ်ကုန်များတွင် အသုံးပြုနေသည့် လစ်သီယံ အိုင်းယွန်း (lithium-ion) အတွက် အင်ဆူလိတ်တာ (insulator) ထုတ်လုပ်မှု အများဆုံးကုမ္ပဏီ ငါးခုအနက် လေးခုသည် တရုတ်ကုမ္ပဏီများဖြစ်ပြီး ထိုကုမ္ပဏီ လေးခု စုစုပေါင်း၏ ဈေးကွက် ထိန်းချုပ်မှု ရာခိုင်နှုန်းသည် ၆၃ ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၂၁ ခုနှစ်က ထိပ်သီးကုမ္ပဏီ ၅ ခုစာရင်းတွင် မပါဝင်ခဲ့သည့် တရုတ်၏ Sinona Science & Technology ကုမ္ပဏီသည် လက်ရှိတွင် ဈေးကွက်ထိန်းချုပ်မှု ၁၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

Source: Nikkei Asia