CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား လက်ရှိ၌ နိုင်ငံကူး လက်မှတ်စာအုပ်အသစ်အတွက် တိုကင်ရက်ချိန်းပေးရာတွင် တာဝန်ယူဆောင်ရွက်ပေးမှုမှာ ညံ့ဖျင်းကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသူများက ထောက်ပြပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်အတွက် တိုကင်ရက်ချိန်းများအား ဘန်ကောက်ရှိ မြန်မာသံရုံးမှ ပြန်လည်ထုတ်ပေးခဲ့ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီကာ တန်းစီစောင့်ဆိုင်းနေကြရပြီး  မူးမေ့လဲသူများလည်း ရှိခဲ့သည်။

ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရေး လုပ်ဆောင်ရာတွင် မြန်မာသံရုံး၏လုပ်ငန်းဆောင်တာများမှာ ညံ့ဖျင်းကြောင်း ပြောရခြင်းဖြစ်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

သက်တမ်းတိုးဖို့ လာရောက်စောင့်ဆိုင်းရင်း မူးလဲခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး

၎င်းက “ဒီစာအုပ်ထုတ်ပေးတဲ့လုပ်ငန်းဟာ လုံးဝမှားနေတဲ့စနစ်ကြီးလိုဖြစ်နေတယ်။ ပိုမို ကြန့်ကြာစေတာဖြစ်သလို အလုပ်သမားတွေကို ပိုမိုပြီးတော့မှ အချိန်ကုန်စေတယ်။ အခက်တွေ့စေတယ်။ ကိုယ်လုပ်ချင်တိုင်း လုပ်နေမယ် ဆိုရင် ဒီအလုပ်သမားတွေအတွက် ငါတို့ဟာ အကူအညီပေးတာနဲ့တူမလား။ ကူထောင်းနေတာနဲ့ တူမလား။ ဒါတွေစဉ်းစားဖို့လိုအပ်တယ်။ ဒီ ခယူ(တိုကင်) ရရင်ရော စာအုပ်က လွယ်လွယ်လေး ရမှာလားပေါ့။ တော်ကြာ စာအုပ်ကကုန်သွားလို့၊ မရသေးလို့၊ မရှိသေးလို့ဆိုတာ အဲဒါမျိုးတွေ ခဏခဏ သံရုံးတွေမှာ ဖြစ်လေ့ရှိနေတာပဲ။ ကျနော်ထင်ပါတယ် စာအုပ်ထုတ်ပေးတဲ့ စနစ်ကြီးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီအလုပ်သမားတွေ အပေါ်မှာ တကယ်ထိထိ ရောက်ရောက်ပေါ့။ အချိန်နဲ့အကန့်အသတ်တစ်ခုနဲ့ စာအုပ်လာလျှောက်တဲ့သူကို လျှောက်တဲ့နေ့ကနေ စာအုပ်လက်ထဲရောက်တဲ့အချိန်အထိ ထုတ်ပေးရမယ့် စနစ်ကို ဒီသံရုံးရှေ့ကြီးမှာ လူပေါင်း ထောင်နဲ့ရောက်လာအောင် ခယူ(တိုကင်)လာယူရတာ တစ်ခုခုတော့ လွဲနေတယ်။ ရိုးရိုးသားသားပြောရရင်တော့ စာအုပ်ထုတ်ပေးတဲ့စနစ်က အခုအချိန်ထိ မှားနေတုန်းပဲ သံရုံးက” ဟု ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တိုကင် ရက်ချိန်း ထုတ်ပေးရာတွင် လူအစုလိုက်အပြုံလိုက်ဖြစ်သွားသည့်အတွက် အပတ်စဉ် စနေ့နေ့တိုင်းတွင် လအလိုက် သက်တမ်းကုန်သူများအား ထုတ်ပေးမည်ဟု ဘန်ကောက်ရှိ မြန်မာသံရုံးက ပြန်လည်ထုတ်ပြန်ထားသည်။

ထိုသို့ တစ်ပတ်လျှင် တစ်ရက်တည်းသာ ရက်ချိန်းထုတ်ပေးမည်ဆိုပါက ပိုမို၍ အချိန်ကြန့်ကြာမှာဖြစ်သလို အချို့ စက်ရုံ၊ အလုပ်ရုံတို့တွင် စနေနေ့အား ခွင့်ယူ၍ မရသည်များလည်း ရှိသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် အခက်အခဲများဖြစ်စေကြောင်းလည်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “အခုထိုင်းမှာ သန်းနဲ့ချီပြီးတော့ရှိနေတဲ့ အလုပ်သမားတွေအတွက် ဘယ်လိုမှ လိုက်လို့မမီဘူးလေ။ အဲဒီလိုဆိုရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ အခု အနေအထားဆိုရင် အင်မတန်မှ ညံ့ဖျင်းမှုတွေ ဖြစ်နေတာပေါ့နော် ကျနော်တို့မြင်ရတာ။ ဘာဖြစ်လို့လဲဆိုရင် ရွှေ့ပြောင်း အလုပ်သမား တွေအနေနဲ့ ပြည်တွင်းကိုလည်း ပြန်ဝင်ပြီးတော့ လုပ်ဖို့အတွက်လည်း နယ်စပ်ဂိတ်တွေက ပိတ်ထားတဲ့အခါ ကျနော်တို့ အလုပ်သမားတွေအတွက် ထွက်ပေါက်က ပိတ်နေတယ်။ ထွက်ပေါက် ပိတ်နေတဲ့အနေအထားမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးအနေနဲ့ အခကြေးငွေများများယူတာကိုတော့ အပြစ်မပြောပါဘူး။ ဒါပေမယ့် ရက်တိုအတွင်းမှာ ပြီးစီးအောင်ပေါ့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ပေးနိုင်မယ် ဆိုလို့ရှိရင် အဆင်ပြေတယ်လို့ ကျနော်တို့မြင်တာပေါ့” ဟု ပြောသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် တိုကင်ရက်ချိန်းများအား ဘန်ကောက်ရှိ မြန်မာသံရုံးတွင်သာ ထုတ်ပေး နေခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းအနီးပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက်သာ အဆင်ပြေကြောင်းနှင့် ထိုင်းနိုင်ငံရှိ နယ်မြို့များတွင် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက်လည်း စဉ်းစားပေးစေချင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် တန်းဆီးစောင့်ဆိုင်းနေကြသူများ

၎င်းက “နယ်ကလူတွေကို ဘယ်တော့မှ ထည့်မစဉ်းစားတဲ့ကိစ္စ။ အရင်တုန်းကလည်း ကျနော်တို့တွေ ပြောဖူး တယ်။ ဒီဟာ လာတန်းစီရင် နယ်က လူက ဘယ်လိုလာတန်းစီပြီးတော့ လုပ်မလဲ။ အဲဒါအရေးကြီးတာ။ ဥပမာ တန်းစီလို့ရတယ်ပဲ ထားဦး လာတန်းစီးပြီးတော့ ရက်ချိန်းကို တစ်ခါ ပြန်လာရမယ်။ အဲဒီသွားလာရမယ့် ကုန်ကျ စရိတ်တွေ အခက်အခဲတွေပေါ့နော်။ အထောက်အထားတိုးတယ်ဆိုတဲ့ဟာက တစ်ဖက်တည်းကို ကြည့်လို့ရတဲ့ဟာ မဟုတ်ဘူး။ နှစ်ဖက်စလုံးကိုကြည့်ရတာ အစိုးရဌာန နှစ်ဖက်စလုံး။ ဒီဘက်မှာ work permit တို့ ဗီဇာတို့ ဒါတွေ တိုးဖို့ဆိုတာ ဌာနဆိုင်ရာတွေက ပတ်စပို့မှာရှိတဲ့ သက်တမ်းကို ကြည့်ပြီးတော့ ပေးတာ။ အဲဒီတော့ ပတ်စပို့ရှိတဲ့ သက်တမ်းက အနည်းဆုံး တစ်နှစ်လောက်ရှိနေမှာ။ ၆ လနဲ့ အထက်ဆိုတာတော့ ထားပါတော့။ သို့သော် အဲဒီလို မရှိတော့ဘူးဆိုရင် ဒီဘက်မှာ ပေးလို့မရဘူး။ ဒီဘက်က မပေးဘူး သူ့ရဲ့ ဥပဒေအရ” ဟု ပြောသည်။

ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်းနှင့် တိုကင် ရက်ချိန်း ထုတ်ပေးခြင်းအား ဘန်ကောက်ရှိ မြန်မာသံရုံးတစ်ခုတည်း၌ မဟုတ်ဘဲ အခြားနေရာဒေသများတွင်လည်း ယာယီ စခန်းများဖွင့်လှစ်၍ လုပ်သင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြု သည်။

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးသွားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် ထိုင်းဘက်ရှိ ဌာနဆိုင်ရာတို့အား တစ်စုံတစ်ခု မေတ္တာရပ်ခံထားသင့်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ဇန်နဝါရီ ၇ ရက်နေ့က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် တိုကင်ရက်ချိန်းရရှိသည့် လူပေါင်း ၆၁၄၂ ဦးအား ထုတ်ပေးခဲ့ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။