CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ရွှေ့ပြောင်းလုပ်သားများအား OWIC ကတ် နေ့ချင်းပြီး ထုတ်ပေးသင့်ကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်း ဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဘန်ကောက်ရှိ မြန်မာသံရုံးတွင် OWIC ကတ်ဖိုး ဘတ်ငွေ ၂၅၀ (မြန်မာငွေ နှစ်သောင်းကျော်) ပေးရသော်လည်း ကတ် ချက်ချင်းမရရှိသည့်အပြင် ထို OWIC ကတ်ထုတ်ပေးရေး စခန်းများသို့ ရက်ချိန်းဖြင့် ထပ်မံသွားရောက်နေရကြောင်း ၎င်းတို့က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “တကယ်တမ်းကျရင် သူတို့ ထုတ်ပေး လို့ရတယ်လေ။ OWIC ကတ် ထုတ်တဲ့စက်တွေက စက်တစ်လုံးကို အချပ်ပေါင်း ၆၀၀ ထုတ်ခွင့်ရှိတယ် တစ်ရက် ကို။ ထုတ်လို့ရတာပေါ့နော်။ ပြီးသွားမှ အချိန်ပေးနားပြီးတော့ အပူချိန်ကို ပြန်စောင့်တာမျိုးတွေ ရှိတယ်။ အဲဒီတော့ ဒီနေရာမှာ တစ်ရက်ကို ၆၀၀ ထုတ်မလား၊ ပြီးတော့ အခု နည်းပညာတွေ မြင့်လာတာပဲ ဖြစ်တဲ့အတွက် ၈၀၀ ထုတ်မလားပေါ့ ကတ်ပြားကို။ ပြီးတော့ အချိန်နဲ့တပြေးညီ ထုတ်ပေးလို့ ရ ရမယ်။ လျှောက်လိုက်တာနဲ့ ကျနော် အခု ၉ နာရီမှာလျှောက်ရင် ကျနော်ရဲ့ ကတ်ပြား ဘယ်အချိန်မှာ ရနိုင်မလဲပေါ့ ၁၀ နာရီ ရမလား၊ ၁၁ နာရီ ရမလားပေါ့ ဒါကို ဝန်ထမ်းက သတ်မှတ်ပေးထားရမယ်။ ဒါဆိုရင် ဒီအလုပ်ခွင့်ယူခဲ့တဲ့ ဝန်ထမ်းဟာ ဒီ OWIC ကတ်ကို တစ်ရက်တည်းမှာ ရအောင်စောင့်ပြီး ယူသွားမှာ။ အဲဒီတော့ စနစ်က စနစ်အမှားကြီးလို ဖြစ်နေတာလေ။ လုပ်ချင်သလိုလုပ်။ ဒီကတ်ထုတ်ရတဲ့ နေရာမှာ ကတ်လျှောက်တာ တစ်နေရာ၊ သွားထုတ်ရတာ တစ်နေရာ။ ပြီးတော့ ရက်ချိန်းတွေကို အဝေးကြီးရွှေ့တယ်။ ပြီးတော့ ရက်ချိန်း အတိအကျအတိုင်းလည်း ဌာနတွေက မထုတ်ပေးနိုင်ဘူးပေါ့” ဟု ပြောသည်။

မြန်မာသံရုံးတွင် ပတ်စပို့နှင့် OWIC ကတ်  လာလျှောက်သူများ

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သက်ဆိုင်ရာ ခရိုင်များတွင် ဖွင့်လှစ်ထားသော OWIC ကတ် ထုတ်ပေး ရေးစခန်းများသို့ သွားရောက်ရာတွင် ကုန်ကျစရိတ်အား ထပ်မံပေးသွင်းရကြောင်းလည်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အထူးသဖြင့် ဒီက အကြောင်းကြောင်းကြောင့် ရောက်ရှိ၊ ရောက်ရှိပြီး တဲ့အခါကျတော့ အလုပ်သမားမှတ်ပုံတင် လုပ်ထား၊ ပြီးတဲ့အခါကျတော့ CI တို့ဘာတို့ ရထားပြီးတဲ့လူတွေ၊ ဒါမှ မဟုတ်လည်း ပတ်စပို့အဆင့်အထိ ပြောင်းထားပြီးတဲ့ လူတွေဆိုရင် ဗမာပြည်ပြန်ရင် အဲဒီ OWIC မရှိဘူးဆိုရင် ပြဿနာတက်တာပဲ။ ပြီးတော့ အချိန်ကပေးရတဲ့အခါကျတော့ နှစ်ပတ် သို့မဟုတ် တစ်လပေးရတဲ့အခါကျတော့ ရတဲ့ ဒီဘက်ကနေ ပြန်တဲ့ ခွင့်နဲ့က မလောက်ငှဘူးပေါ့” ဟု ပြောသည်။

ထို့အပြင် နှစ်နိုင်ငံအစိုးရအနေဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ စာရွက်စာတမ်း၊ အထောက်အထားကိစ္စများ ဆောင်ရွက်ရာတွင် တိုက်ရိုက်လုပ်ဆောင်နိုင်မှု အားနည်းကြောင်းနှင့် ကြားခံလူအဖြစ် ပွဲစားများ ပါဝင် ပတ်သက် နေမှုကို လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေကြောင်း ၎င်းတို့က သုံးသပ်သည်။

မြန်မာသံရုံးတွင် OWIC ကတ် လာရောက်လျှောက်ထားထုတ်ယူသူများ

MWRN မှ အကြံပေး ဦးအောင်ကျော်က“ကျနော်တို့ ဥပမာပြရမယ်ဆိုရင် ထိုင်းနိုင်ငံသားတွေပြည်ပထွက်ခွာခွင့် အလည်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်ဖြစ် သူတို့ ပတ်စပို့တွေလျှောက်ထားတဲ့အခါမှာ နေ့ချင်းပြီး ဆောင်ရွက်ပေးတာရယ်၊ နောက် ကုန်ကျစရိတ်ကလည်း သတ်မှတ်နှုန်းထားထက် ပိုပေးစရာမလိုဘဲ ရရှိနေတာ တွေကို ကျနော်တို့က တွေ့နေရတယ်ဆိုတော့ ပြောချင်တာက ဥပမာ ထောက်ပြတာပါ။ နည်းပညာအားဖြင့် မလုံလောက်တာလား၊ ဒါမှမဟုတ် စက်ယန္တရားတွေ မလုံလောက်တာလား ဘာလား ဒါတွေကို ချိတ်ဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် သန်းနဲ့ချီတဲ့ အလုပ်သမားတွေအတွက် လွယ်ကူချောမွေ့ပြီးမှ ကုန်ကျစရိတ်လည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်း လုပ်သားတွေအတွက် အပိုဝန်ဆောင်ခပေးစရာ မလိုတဲ့ အနေအထား မျိုးကို ရအောင်လုပ်မယ်ဆိုရင် ဖန်တီးလို့ရနိုင်တဲ့ စွမ်းအားရှိတယ်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများအား OWIC ကတ် နေ့ချင်းပြီး မထုတ်ပေး နိုင်လျှင်လည်း ပေးလိုက်သည့် ရက်ချိန်းများအတိုင်း တိတိကျကျ ဆောင်ရွက်ပေးစေလိုကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။