CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းအား စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ယာယီရပ်နားထားမည်ဖြစ်ပြီး ပြန်လည်လက်ခံမည့်ရက်အား ထပ်မံ အသိပေး သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အား ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသောကြောင့် ဖြစ်သည်။

ကိုရီးယားနိုင်ငံရှိ လေဆိပ်တစ်ခုသို့ မြန်မာအလုပ်သမားများ ရောက်ရှိလာစဉ်

သို့သော် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီဇာသက်တမ်းတိုး လျှောက်မည် ဆိုပါက တောင်ကိုရီးယားနိုင်ငံရှိ လ.ဝ.က ဝန်ထမ်းများအား ဘာသာစကားကျွမ်းကျင်စွာဖြင့် သေချာစွာ ရှင်းပြ နိုင်ပါက အဆင်ပြေကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီ ထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“ကိုရီးယားအနေအထားမျိုးကတော့ အခက်အခဲမရှိဘူးတော့မဟုတ်ဘူး ရှိမယ်။ ပြောရဆိုရ ရှင်းပြရ တာတွေ အလုပ်ပိုလာတာပေါ့။ ကျနော်တို့ ပတ်စပို့သက်တမ်းက သွားမတိုးတာမဟုတ်ဘူး။ သွားတိုးရဲ့သားနဲ့ သံရုံးဘက်ကနေ ထုတ်မပေးလို့ဖြစ်ပါတယ်ဆိုတဲ့ အ‌ထောက်အထားတွေကို သက်ဆိုင်ရာ လ.ဝ.က ရုံးတွေကို သွားပြီး ရှင်းပြရမယ်။ ရှင်းပြပြီးတော့ သူတို့မေးတဲ့ မေးခွန်းတွေကို ဖြေရမယ်။ ဒါတွေ ဟုတ်လား၊ မဟုတ်လား သူတို့ စိစစ်ပြီးတော့မှ ဗီဇာကတော့ တိုးပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်။ အကြောင်းအကျိုးဆီလျော်တယ်ဆိုရင် ချွင်းချက်အနေနဲ့ ဥပဒေကို ပြန်လည်စဉ်းစားသုံးသပ်ပေးတယ်ဆိုတာ ကိုရီးယားမှာ အခြေခံဥပဒေမှာရှိတယ်။ ဒီအ‌ပေါ်မှာ ဝန်ထမ်းတွေက လိုက်လုပ်တဲ့သဘောပေါ့။ ဥပဒေကတော့ ပတ်စပို့သက်တမ်းမရှိရင် ဗီဇာသက်တမ်းတိုးလို့မရဘူး။ ဥပမာအနေနဲ့ဆို လူသားချင်းစာနာတဲ့ ဗီဇာကို ပြောင်းလဲ ထားတဲ့လူတွေဆိုရင်လည်း ဒီနည်းနဲ့ပဲ အခုတိုးနေတာပဲ။ ပတ်စပို့သက်တမ်းမရှိပေမယ့် ဗီဇာ သက်တမ်းတော့ တိုးလို့ရနေတယ်။ တစ်ကြိမ်မဟုတ်ဘူး။ နှစ်ကြိမ် သုံးကြိမ်အထိကို တိုးနေတဲ့လူတွေရှိပါတယ်။ တစ်ကြိမ်ကို ၆ လနဲ့ပေါ့” ဟု ပြောသည်။

လေဆိပ်တွင် မြန်မာများထံမှ ရှာဖွေတွေ့ရှိသည့် ကွမ်းရွက်အိတ်များ

သို့သော် သံရုံး၌ နိုင်ငံကူးလက်မှတ် ယခင်က သက်တမ်းတိုးလျှောက်ထားပြီးသူများကိုမူ နိုင်ငံကူးလက်မှတ်အသစ် များအား သတ်မှတ်ပေးထားသည့် နေ့ရက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ချက်အရ သိရသည်။

ထို့အပြင် တောင်ကိုရီးယားနိုင်ငံတွင် မြန်မာ၊ ယူကရိန်းအပါအဝင် နိုင်ငံသားအချို့အား လူသားချင်းစာနာ ထောက်ထားမှုအရ ထုတ်ပေးထားသည့် G-1 ဗီဇာရှိသည်။

သို့သော် ၎င်းဗီဇာဖြင့် ခရီးသွားမည်ဆိုပါက နိုင်ငံကူးလက်မှတ်သက်တမ်း ၆ လခန့်ရှိရန် လိုအပ်ကြောင်းနှင့် ထို ဗီဇာရယူထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့်အခါတွင် စာအုပ်များအား သိမ်းထားကြောင်းလည်း သိရသည်။

ဒါ့အပြင် တောင်ကိုရီးယားသို့ ဝင်ရောက်လာသည့် မြန်မာလုပ်သားများထံမှ တားမြစ်ထားသည့် အစားအစာများ သယ်ဆောင်လာခြင်းကို လေဆိပ်တွင် မကြာခဏ တွေ့ရှိမှုများနေကြောင်းနှင့် အခြားနိုင်ငံသားများထက် မြန်မာ နိုင်ငံသားများ၏ အိတ်များကို အချိန်ပိုကြာမြင့်သည်အထိ စစ်ဆေးလေ့ရှိကြောင်း ဆိုးလ်မြို့ရှိ အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆိုးလ်မြို့ရှိ အလုပ်သမား သံအရာရှိရုံးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

လေဆိပ်တွင် မြန်မာများထံမှ ရှာဖွေတွေ့ရှိသည့် အသားခြောက်များ

လက်ရှိတွင် စစ်ဆေးတွေ့ရှိသည့် ပစ္စည်းများအား သိမ်းခြင်း၊ ပတ်စပို့မှတ်တမ်းတင်ခံရခြင်းနှင့် ဒဏ်ငွေဆောင်ကြ ရခြင်းတို့ဖြစ်ကြောင်းနှင့် အပတ်စဉ် တွေ့ရှိမှုများလာနေသည့်အတွက် အဖမ်းခံရသည့်သူများအား နောင်တစ်ကြိမ် ပြည်ဝင်ခွင့်ပိတ်မည်ဟု အကြောင်းကြားလာကြောင်း ဆိုးလ်မြို့ရှိ အလုပ်သမား သံအရာရှိရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က “ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေး၊ သတင်းဖြန့်ချိရေးပေါ့ အဲဒီလိုလုပ်ဖို့တော့ လိုမယ်လို့တော့ ယူဆရ တာပေါ့။ လူများတာလည်း ပါမယ်ထင်ပါတယ် သူများနိုင်ငံ ၁၀ ယောက်ဝင်ပြီး ဒီက အယောက် ၁၀၀ ဝင်တာ  လည်း ဖြစ်နိုင်သလို တစ်ယောက်မှာ ဒါ ပါသွားပြီဆိုတဲ့အတွက် အသေးစိတ် နောက်လူတွေကို ထပ်စစ်ရင်းနဲ့ ကြန့်ကြာသွားတာတွေလည်း ဖြစ်နိုင်တယ်။ နောက် မြန်မာအနေနဲ့ကလည်း ရှေ့တစ်လ၊ နှစ်လအတွင်းမှာလည်းပဲ လေဆိပ်အဝင်မှာ မူးယစ်ဆေးဝါးမိထားတယ်ဆိုတဲ့ အဖြစ်အပျက်တွေရှိခဲ့တဲ့အခါကြတော့ နိုင်ငံကိုပဲ အဓိက ပိုပြီး တော့ ထားပြီးတော့ လေဆိပ်ဝန်ထမ်းတွေအနေနဲ့ စစ်ဆေးသလား ဆိုတာကတော့ မသိရဘူး။အစားအသောက် ကတော့ ဖြစ်နိုင်ရင် မသယ်ပါနဲ့။ ဒီမှာဝယ်စားလို့ရပါတယ်။ မယူတာကောင်းပါတယ်။ အာသီသ ဖြစ်လို့ပေါ့ ကိုယ် အိမ်လွမ်းစိတ်ကြောင့် စားချင်တယ်ဆိုလည်း ဒီမှာဆိုင်တွေရှိပါတယ်။ ဝယ်စားလို့ ရပါတယ်။ ဈေးလည်း အဲဒီ လောက် ကွာပြီးတော့မှ ဈေးကြီးတဲ့ အမျိုးအစားမဟုတ်ပါဘူး” ဟု ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ငါးသောင်းနီးပါး ရှိပြီး ကျောင်းသွားတက်ရောက်နေသူနှင့်  စီးပွားရေးလုပ်ကိုင်နေသူများလည်းရှိကြောင်း သိရသည်။ 

ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ အသစ်လျှောက်ထားရာတွင် ယခင် ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာအစား ၁၀၅ ဒေါ်လာအဖြစ် ဇူလိုင်လက ပြောင်းလဲတိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။