CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉

ပြည်တွင်းတွင် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန်အတွက် ပြည်ပသို့ ဆန်တင်ပို့ခွင့် လိုင်စင်အသစ် ထုတ်ပေးခြင်းကို ဩဂုတ်လကုန်ပိုင်းမှ စတင်၍ ၄၅ ရက်ကြာ ယာယီရပ်နားသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ယခင်ရှိထားသည့် ပြည်ပဆန်တင်ပို့ခွင့်လိုင်စင်အဟောင်းများကိုသာ ဆက်လက် တင်ပို့ခွင့်ပြုသွားမည်ဖြစ်ပြီး လိုင်စင်အသစ်များကို ယာယီ ရပ်နားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့ခွင့်လိုင်စင်အသစ် ထုတ်ပေးခြင်းကို ယာယီရပ်နားခြင်းက ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့လည်း ကြားတာရှိပါတယ်။ လိုင်စင်အသစ် ချမပေးတာ၊ ကန့်သတ်တာတော့ မဟုတ်ဘူး။ နဂိုလိုင်စင် အဟောင်းတွေတော့ ပုံမှန်တင်ပို့ခွင့်ပေးပါတယ်ဗျ။ လိုင်စင်အသစ် ထပ်မချတာ။ ပြည်တွင်းဆန်ဈေးနှုန်းတွေ တက်နေတော့ ပြည်ပကို နည်းနည်းလေး ထိန်းချုပ်တဲ့သဘောပါ။ ပြည်တွင်းဈေး နည်းနည်းတော့ အေးမှာပေါ့ ပြည်ပထွက်ခွင့် မရှိဘူးဆိုရင်လေ။ ပြည်တွင်းမှာပဲ တချို့ဆန်တွေကလည်း တက်တဲ့ဆန်တွေကလည်း အဓိက တက်တာ ပြည်တွင်းစားဆန် အဓိက တက်တာ။ ပြည်ပပို့တဲ့ဆန်တွေမဟုတ်ဘူး ဈေးတက်တာလေ။ ပေါ်ဆန်းမွှေး တို့ဘာတို့ဆိုရင် ပြည်တွင်းမှာပဲ အဓိကစားတာ။ သူတို့က ဒီကြားထဲက လိုင်စင်တွေကို တင်လို့ရပါတယ်။ အဓိက အသစ်ထပ်မရောင်းတော့ဘူးပေါ့။ နဂိုရောင်းပြီးသား၊ ဝယ်ပြီးသားတော့ ဘာမှထိခိုက်မှု မရှိပါဘူး။ ဆန်အသစ် ပေါ်တဲ့အချိန်ကျရင်တော့ ပြန်ပေးမှာပါ” ဟု ပြောသည်။

ဆန်သိုလှောင်ရုံတစ်ခု

ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပြည်ပသို့ ဆန်တင်ပို့မှုများကို ကန့်သတ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို လှုံ့ဆော်မှု ဖြစ်စေသည်ဟု သုံးသပ်နေမှုများလည်း ရှိသည်ကို တွေ့ရသည်။

ပြည်ပဆန်တင်ပို့ခွင့် လိုင်စင်များ ထုတ်ပေးခြင်းကို ကန့်သတ်ခြင်းက ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်း လာနိုင်သော်လည်း တောင်သူလယ်သမားများ စပါးပေါ်ချိန်တွင်တော့ ပြည်ပသို့ ဆန်တင်ပို့မှုများကို ပြန်လည် ခွင့်ပြုပေးရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“ပြည်တွင်းဆန်ဈေးက တကယ်လို့ ပြည်ပပို့တဲ့ဥစ္စာ ခဏပိတ်ထားလိုက်မယ်ဆိုရင် ပြည်တွင်းဆန်ဈေးက ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုအထိ ပြန်ကျသွားမှာ။ နည်းနည်းတော့ ထိန်းသွားမှာ။ 
အလွန်အမင်းတော့ ထိန်းလို့မရဘူး။ ဥပမာဆိုပါတော့ ဆန်က error ဖြစ်သွားတယ်။ အတိုင်းအတာတစ်ခုအထိတော့ ဆန်တစ်အိတ်ကို ၁ သောင်း၊ ၁ သောင်းခွဲတော့ ပြန်ဆင်းသွားမှာပေါ့။ ဒါပေမယ့် အဲဒီပိတ်တာက တောင်သူတွေ စပါးပေါ်တဲ့အချိန် မှာတော့ အဲဒီပြည်ပပို့မှုကို ပြန်ပြီးတော့ ဖွင့်ပေးဖို့ လိုအပ်မယ်။ တကယ်လို့ ဆက်ပိတ်ထားမယ်ဆိုရင် တောင်သူ တွေ ပေါ်တဲ့အချိန်မှာ ဈေးက မတရား အနှိမ်ခံရလိမ့်မယ်။ ဒါကြောင့်မို့လို့ ကုန်ထုတ်လုပ်သူ၊ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရဲ့ဘက်ရော၊ စားသုံးသူတွေဘက်ရော ကြည့်မယ်ဆိုရင် အများဆုံး ၁ လခွဲထက်တော့ ပိုမပိတ်သင့် ဘူး” ဟု ပြောသည်။

နစကမှ နည်းလမ်းမျိုးစုံဖြင့် ဆန်ဈေး ကျဆင်းစေရန် ဆောင်ရွက်နေသော်လည်း ဆန်ဈေးနှုန်းသည် ကျဆင်းလာမှု မရှိဘဲ ဈေးကွက်တွင် ဆန်ကြမ်း တစ်အိတ်လျှင် ၆ သောင်းကျပ်ကျော်နှင့် ဆန်ချောတစ်အိတ်လျှင် ၁ သိန်း မှ ၁ သိန်းခွဲအထိ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။