CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄

မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်သည့်အခါတွင် ရက်ချိန်းယူရသည့် စနစ်အား ယနေ့ စက်တင်ဘာ ၄ ရက်နေ့မှ စတင်ကာ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာ သံရုံးက သတင်းထုတ်ပြန်ထားသည်။

ယခင်က နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျက်စီး၊ အသစ်လျှောက်ထားသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူကိုယ်တိုင် ရက်ချိန်းသွားရောက် ရယူရခြင်းဖြစ်ပြီး ယခုပြောင်းလဲလိုက်သောစနစ်သည် အွန်လိုင်းမှ QR code ရယူရခြင်းဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းသည် ယခင်လူကိုယ်တိုင်လာရောက် ရက်ချိန်းရယူခြင်းထက် ပို၍ ကောင်းမွန်ပြီး စိတ်ချရကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မချစ်သဲက CNI သတင်းဌာနသို့ ပြောသည်။

“မြန်မာသံရုံးကို လာရတဲ့အခါမှာ တချို့လူတွေကြတော့ နယ်ကနေ လာရတဲ့လူတွေရှိတယ်။ ၄ နာရီကနေ ၆ နာရီ ကားစီးပြီးလာရတဲ့လူတွေအတွက်ကြတော့ အထောက်အထား မပြည့်စုံတော့ လမ်းမှာ အစစ်အဆေး အမေးမြန်း တော့ စိုးရိမ်ပြီးမှ လာရတဲ့အကန့်တွေရှိတယ်ပေါ့။ တကယ်လို့ QR code နဲ့သာ သွားမယ်ဆိုရင် သူတို့နေတဲ့ ရပ်ကွက်၊ နေတဲ့ရွာ၊ မြို့ကနေပြီးတော့မှ register လွယ်လွယ်ကူကူ လုပ်နိုင်မယ်ဆိုရင်တော့ ဒါလေးကတော့ အားသာချက်ပေါ့နော်။ တခါတလေကျတော့ ကိုယ့်စာအုပ်ကို တချို့ပွဲစားတွေပေါ့ နံပါတ်တူအနေနဲ့ ပြန်ပြီး ကူးယူတဲ့ဟာတွေ ရှိတတ်တယ်။ အဲဒီတော့အခါကြတော့ security အနေနဲ့ကြတော့ ပိုပြီးကောင်းသွားတာပေ့ါ။ အခက်အခဲကတော့ အထွေအထူးမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာကြတော့ software တွေဆို တချို့ဆို တက္ကစီငှားတဲ့ software တို့၊ ပစ္စည်းပို့တဲ့ software တို့တောင်မှ လွယ်လွယ်ကူကူ သုံးနေကြတာဖြစ်တော့လေ။ ဒီ QR code တွေနဲ့ကလည်း အထွေအထူး မခက်ခဲဘူး။ တချို့စားသောက်ဆိုင်တွေမှာဆို menu ကဒ်တွေ မထား တော့ဘူး။ သူတို့က QR code လေးတစ်ခုပဲ ချထားပေးတယ်။ ဆိုတော့ အထွေအထူးတော့ မရှိလောက်ပါဘူး အဆင်ပြေမှာပါ” ဟု ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေသူများ

အွန်လိုင်းမှ QR ရယူရာတွင် www.mekl.org သို့ မိုဘိုင်းဖုန်းဖြင့် ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ဝင်ရောက်နိုင်ပြီး ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လိုသည့် ကိစ္စရပ်များအား ဖြည့်သွင်း ဆောင်ရွက် ရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် QR ရယူပြီးသူများအတွက် သံရုံးသို့ လာရောက်ရမည့်ရက်ကို မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်ဆီ SMS ပေးပို့ အသိပေးမှာဖြစ်ပြီး သံရုံး၏ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဟု ပါရှိသည်။

ယခုကဲ့သို့ စနစ်ပြောင်းလဲလုပ်ဆောင်လိုက်ခြင်းသည် ယခင်ထက် အဆင်ပြေသော်လည်း ထိုသို့ လုပ်ဆောင် ခြင်းကြောင့် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပပျောက်သွားမည်မဟုတ်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“သက်တမ်းအရမ်းနီးတဲ့သူကို အမြန်ပေးပြီးတော့ နည်းနည်းလိုတဲ့လူကို လလေးခြားပေးရင်လည်း အဆင်ပြေ တာပေါ့။ ပွဲစားကတော့ ပပျောက်သွားမှာမဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူမျိုးတွေကလည်း သိတဲ့ အတိုင်းပဲလေ ပွဲစားမပါရင် ဘာမှ အလုပ်မလုပ်တတ်ဘူး။ ကိုယ့်နာမည်တောင်နဲ့ ကိုယ့်အဖေနာမည်တောင် ပွဲစား ဖြည့်ပေးမှ သူတို့က မှန်တယ်ထင်တာလေ။ အဲဒီအတွက် QR ယူရင်လည်း ပွဲစားနဲ့ယူကြမှာပဲ။ တစ်ယောက်ကို ဘယ်လောက်ပေးပြီးတော့။ ဒါကတော့ ပွဲစားက ပပျောက်သွားမှာ မဟုတ်ဘူး။ အရင်တုန်းကလည်း အွန်လိုင်း စနစ်နဲ့ တိုကင်ယူတာ လုပ်ခဲ့ဖူးတယ်။ အဲဒီမှာကြတော့ အရင်တုန်းက ဘယ်လိုတွေဖြစ်လဲဆိုတော့ တိုကင်ယူ လိုက်တိုင်း full တွေချည်းပဲ ဖြစ်နေတယ်။ ပြည့်နေတယ် ပြည့်နေတယ်ဆိုပြီး အဝေးကြီးပဲ ဒိတ်တွေက အဲဒီလို တွေကြတော့လည်း အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။

ယခင်က နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လူကိုယ်တိုင် ရက်ချိန်းရယူသည့်အခါနှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေး သည့် အခါများတွင် အချိန်ကာလအားဖြင့် ကြန့်ကြာမှုများရှိသဖြင့်  လအတော်ကြာမှ ရရှိသည့်အတွက် မလေးရှား ရောက် မြန်မာများက ထောက်ပြပြောဆိုမှုများရှိခဲ့သည်။

ထို့အပြင် မလေးရှားရှိ မြန်မာသံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးခြင်းကြောင့် အသစ်ပြန် လျှောက်ရာတွင် ပေးရမည့် ဒဏ်ကြေးဖြစ်သည့် ရင်းဂစ် ၃၃၀ အစား ၄၈၀ ရင်းဂစ်ကို ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ တိုးမြှင့်သတ်မှတ်ထားသည်။