CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

လက်ရှိ အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများကို ရန်တန့်ရန် လိုအပ်နေပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု မရှိပါက ဆက်လက် လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်‌ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၁၀) နေ့တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်သူများ အနေဖြင့် သဘောထား မှန်ကန်ကြပြီး နိုင်ငံတော် အကျိုးအတွက်ဆိုသည် တူညီသော စိတ်ဆန္ဒများ ရရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို မထိခိုက်စေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု မရှိပါက ဆက်လက် လုပ်ဆောင်ရမည့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်‌ထောင်စုတည်ဆောက်ရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲ ဖြစ်တယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်၊ အဲဒါကြောင့် လက်ရှိ အကြမ်းဖက်မှုများနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို လျှော့ချပြီး ရပ်တန့်ကြရန် လိုအပ်နေပြီဖြစ် ကြောင်း အသိပေး ဖော်ပြအပ်ပါသည်” ဟု ပြောထားသည်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကိုတွေ့ရစဉ်(Shwe Min-fb)

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများ၊ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ၊ လူနေအိမ် မီးလောင်ပျက်စီးမှုများ ဖြစ်ပွားလျက်ရှိနေသည်။

မြန်မာ့တပ်မတော်မှ တိုက်ပွဲများ ရပ်ဆိုင်းပြီး ပြည်သူများအား ရန်သူဟု သတ်မှတ်နေမှုကို ရပ်တန့်ရန် လိုအပ် ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကအကြောင်းအရင်းကတော့ ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတာက အဓိက အကြောင်းအရင်း ဖြစ်ပြီးတော့ လတ်တလော အကြောင်းအရင်းကတော့ စစ်ကောင်စီ ကနေပြီးတော့ တိုင်းပြည်ရဲ့ အာဏာကို မတရားသိမ်းပိုက်ထားတယ်၊ ပြီးတော့ လူထုရဲ့ ဆန္ဒတွေကို ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် တွေကို မျက်ကွယ်ပြုခဲ့တယ်၊ ပြီးရင် ပြည်သူကို ရန်သူလို့ သတ်မှတ်ပြီးတော့ ရက်ရက်စက်စက် ချေမှုန်းနေတဲ့ အတွက်ကြောင့်လည်း ဒီဟာတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်၊ ဒါကြောင့် အကြောင်းရင်း အနေနဲ့ အကြောင်းအရင်းကို သတ်ဖို့ကတော့ စစ်အာဏာရှင်စနစ်ကို ကျနော်တို့ တိုင်းပြည်ကနေ အပြီးတိုင်ဖယ်ရှားရမှာ ဖြစ်ပါတယ်၊ လတ်တလော အကြောင်းအရင်းကို ငြိမ်းသက်နိုင်ဖို့ကတော့ စစ်ကောင်စီဖက်ကနေ ပထမဦးဆုံး တိုက်ပွဲတွေ ရပ်ဆိုင်းဖို့လိုတယ်၊ ပြည်သူကို ရန်သူလို့ သတ်မှတ်ထားပြီးတော့ နှိပ်စက်ညဉ်းပမ်းနေတာကို အရင်ဆုံး ချက်ချင်းရပ်တန့်ဖို့ လိုပါတယ်” ဟု ပြောသည်။

NUG ခေါင်းဆောင်နဲ့ PDF များကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မ‌တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

အဆိုပါ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ဒေသခံဦးရေ ၂ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။