CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁

လာမည့် ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းသစ်နှင့်အတူ မြန်မာ့တပ်မတော်ထဲမှာလည်း ထိပ်ပိုင်းခေါင်းဆောင်များကြား ရာထူးအပြောင်းအလဲ မည်ကဲ့သို့ ဖြစ်ပေါ်လာနိုင်သလဲ ဆိုသည့်အပေါ်  စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြားမှာ အမျိုးမျိုး သုံးသပ်လျက် ရှိနေကြသည်။

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် တရားဝင် သမ္မတလုပ်နိုင်မည့် အလားအလာရှိနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပက ယူဆထားသည်များ လည်း ရှိကြသည်။ 

နိုင်ငံတော်သမ္မတ တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ခံခဲ့ပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကနေ ရပ်နားပြီး ယုံကြည်စိတ်ချရသူကို တပ်ချုပ်ရာထူး လွှဲပြောင်း ပေးရမည်ဖြစ် ကြောင်း၊ ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် တပ်မတော်သည် မည်သို့ ပြောင်းလဲသွားနိုင်သလဲ ဆိုသည့် အပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေကြသည်။

တပ်မတော်အတွင်း ရာထူး အပြောင်းအလဲများတွင် မျိုးဆက်သစ် လူငယ်များအား အင်မတန် အရေးကြီး သည့် ရာထူးများ ပေးအပ်ထားသည်ကို မြင်တွေ့ရကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တွေ့ရစဉ်

၎င်းက “အတိုင်ပင်ခံနဲ့ ပတ်သက်တဲ့ ဖွင့်ထားတဲ့ ပုဒ်မတစ်ခုရှိတာကို အဲဒီကာလ အခြေခံဥပဒေမှာလေ ပထမအကြိမ် အသွင်ကူးပြောင်းရေးကာလမှာ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ ဦးမောင်အေးတို့က အဲဒီပုဒ်မ နဲ့ ရုံးအမှတ် ၂၇ မှာ ရုံးထိုင်ကြမယ် ဆိုတာလည်း ကျနော်တို့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ကြားဖူးပါတယ်။ နောက်ပိုင်းမှာတော့ ပျက်ပြယ်သွားတာပေါ့။ အခြေခံဥပဒေမှာ ခုနကပြောတဲ့ ဝင်ပေါက် တစ်ပေါက်ရှိတာပေါ့။ အဲဒီဝောာ့ အားလုံးသိတဲ့ ၁၉၅၃ ထင်တယ်ဗျ။ မြန်မာနိုင်ငံ မြန်မာ့တပ်မတော်နဲ့ ပတ်သက်တဲ့ ဥပဒေကလည်း ရှိတာကို။ အဲဒါ‌ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး သက်တမ်းက အသက်ကန့်သတ်မှု ဖြစ်သွားတာပေါ့။ လာမယ့်ကာလမှာ တပ်မတော်ပိုင်းဆိုင်ရာ တည်ရှိမှု ကလည်း လက်ရှိ လက်နက်ကိုင် ပဋိပက္ခများတဲ့ နိုင်ငံမို့လို့ အရေးကြီးတာပေါ့။ အဲဒါ‌ကြောင့်လည်း ကျနော်တို့ တပ်တွင်း ရာထူး အပြောင်းအလဲတွေကို ကျနော်တို့ဘက်က ကြည့်တဲ့အခါမှာ မျိုးဆက်သစ် လေးတွေ အများကြီးကို အင်မတန် အရေးကြီးတဲ့ ရာထူးတွေ ပေးထားကြတာ တွေ့တာပေါ့။ ဥပမာ နောက်ဆုံးပြောကြတဲ့ စစ်ရေးချုပ်တို့၊ တပ်ထောက်တို့ပေါ့ဗျာ။ စစ်ဦးစီး အရာရှိချုပ်တို့၊ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးတို့ရဲ့ အနေအထားတွေပေါ့ဗျာ” ဟု ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် နိုင်ငံတော်သမ္မတကြီးအဖြစ် အသွင်ပြောင်းပြီးကာမှ နိုင်ငံရေး-စစ်ရေးကို ဦးဆောင်နိုင်သည့် အနေအထားမျိုး သို့မဟုတ် လက်ရှိ နိုင်ငံရေး-စစ်ရေး အကျပ် အတည်း ကာလမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့်ပဲ ဆက်ရှိနိုင်မှာလား အမျိုးမျိုး သုံးသပ်၍ ရနိုင်သည်ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို တွေ့ရစဉ် 

၎င်းက “အဲဒီတော့ သုံးသပ်ရရင် မြန်မာ့တပ်မတော်ဘက်က ဘယ်လိုသွားမှာလဲ။ အများပြောကြတဲ့ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်သမ္မတကြီး တာဝန်ယူသွားရင် အခြေခံဥပဒအရကတော့ဖြင့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်ရမှာကို။ အဲဒီတော့ အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သမ္မတကြီး ဘက်က အခြေခံဥပဒေအရ လာမယ့်ကာလမှာ ပြောင်းမှာလား။ အဲသလိုမျိုး အရေးကြီးတဲ့ ပုဒ်မတွေကို ပြောင်းမယ်ဆိုရင်တောင်မှ referendum လုပ်ရမယ့်သဘော အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အခါကျ တော့ ‌တော်တော်များများ ပြောင်းဖို့က ခက်ပါလိမ့်မယ်။ အဲဒီတော့ အနေအထားတွေအားလုံးနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ စစ်ရေး အကျပ်အတည်းကာလမှာ ဦးမင်းအောင်လှိုင် အနေနဲ့ ဗိုလ်ချုပ် မှူးကြီး အနေနဲ့ပဲ ဆက်ရှိမှာလား သို့မဟုတ် နိုင်ငံတော်သမ္မတကြီးအဖြစ် အသွင်ပြောင်းပြီးကာမှ မြန်မာ့ နိုင်ငံရေး၊ စစ်ရေးကို ဦး‌ဆောင်တဲ့ အနေအထား ဖြစ်အောင် သွားမှာလား။ တစ်နည်းအားဖြင့် လက်ရှိ ဗိုလ်ချုပ်မှူးကြီး ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နှစ်ဦးထဲက တစ်ဦးက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထက်မှာ နေပြီးမှ ကောင်စီနဲ့ နေမှာလားပေါ့ဗျာ။ အခြေခံဥပဒေမှာ ပေးထားချက် အတိုင်းပေါ့။ သမ္မတကြီးအဖြစ် ကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတကြီး လုပ်မှာလားပေါ့။ ဒုတိယဗိုလ်ချုပ်မှူးကြီး ကတော့ဖြင့် ခုနကလို ရုံးအမှတ် ၂၇ လိုဟာမျိုးမှာ နေမှာလားပေါ့ဗျာ။ ကာကွယ် ရေးဦးစီးချုပ် အသစ်ကတော့ဖြင့် တစ်ဦးပေါ်ထွန်းလာမှာလား မပြောတတ်ဘူးပေါ့။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ လက်ရှိ နိုင်ငံရေးစစ်ရေး အနေအထားပေါ်မှာ ဘယ်လို  ဖြတ်သန်းသင့်သလဲဆိုတာကို တပ်မတော်ကိုယ်၌ကိုက သုံးသပ်ပြီးပြီ၊ ဆုံးဖြတ်ပြီးပြီလို့ ထင်ပါတယ်ဗျ” ဟု ပြောသည်။  

ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်တော့မည်ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

မြန်မာ့တပ်မတော်တွင် အနာဂတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လူစိတ်ဝင်စားမှုခံနေရ သူများကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ ဖြစ်သည်။